DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်
DVB
·
April 17, 2013
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်
Donate to DVB

ဂျပန်နိုင်ငံမှာ တပတ်ကြာ အလည်အပတ်ခရီး ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အလုပ်အကိုင်တွေ ဖန်တီးပေးဖို့အတွက် မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ရောက် မြန်မာပြည်သားတွေနဲ့ တွေ့ဆုံရာမှာရော၊ တိုကျိုတက္ကသိုလ်မှာ ကျောင်းသားတွေကို ဟောပြောရာမှာရော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ခုလိုပြောကြားခဲ့တာပါ။

“ကျမတဦးတည်းအမြင်အရ အလုပ်အကိုင်တွေဖန်တီးပေးမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို အရမ်း နှစ်သက် သဘောကျပါတယ်။ အစောက ကျမပြည်သူတွေကို ရှင်းပြခဲ့သလို ကျမတို့နိုင်ငံမှာ ကျမ ဘယ်နေရာကိုသွားသွား အရမ်းကို အရေးအကြီးဆုံး လိုအပ်ချက်တခုက အလုပ်အကိုင်နဲ့ အလုပ်အကိုင်ဖန်တီးမှုပါ။ လူတွေက အလုပ်အကိုင်မရှိတဲ့အကြောင်း အရမ်းကို ပြောကြပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အလုပ်အကိုင်မရှိဘဲနဲ့ ပြည်သူတွေရဲ့ လူမှုဘ၀ မတိုးတက်နိုင်ကြောင်း၊ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ လယ်ယာစိုက်ပျိုးရေးအတွက် ဆည်ရေ ဘေးကင်းလုံလောက်နေစေရေး၊ လမ်းတွေဖောက်လုပ်ခြင်း၊ လျှပ်စစ်စွမ်းအား ပံ့ပိုးပေးရေး၊ ဆေးကုသမှုပိုင်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းတွေမှာ ဂျပန်အစိုးရရဲ့ ကူညီထောက်ပံ့မှုကိုလည်း မေတ္တာရပ်ခံ ပန်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၁၆ ရက်နေ့က ဂျပန် ဒိုင်းယက် အထက်လွှတ်တော်ကို သွားရောက်လေ့လာခဲ့ရာမှာ ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီပေးမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ တိုင်းရင်းသားအုပ်စုတွေအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီပေးချင်ကြောင်း ပါလီမန်လွှတ်တော်မှာ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပါလီမန်လွှတ်တော်ကျင်းပနေပုံကို လေ့လာကြည့်ရှုခဲ့ပြီး  ဂျပန်လွှတ်တော်အမတ်တွေက ဂုဏ်ပြုဩဘာပေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ကတည်းက ဂျပန်နိုင်ငံကို ၂၇ နှစ်တာအတွင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့တာပါ။ ဂျပန်နန်းတော်ကိုလည်း သွားရောက်ပြီး အိမ်ရှေ့မင်းသား နာရူဟီတိုနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုကျိုတက္ကသိုလ်မှာ ကျောင်းသားတွေကို ဒီနေ့ ဟောပြောပို့ချရာမှာ တရားဥပဒေစိုးမိုးရေးအကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့  လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို တိုက်ရိုက်ပြောဆိုခြင်းမရှိဘဲ သူဟာ မှော်ဆရာ မဟုတ်တဲ့အတွက် လူအုပ်စု အချင်းချင်း သဘောထားကွဲလွဲမှုတွေကို ပျောက်စေဆိုပြီး ပျောက်အောင် လုပ်လို့ရမှာ မဟုတ်တဲ့အကြောင်း၊ အချိန်ကြာမြင့်စွာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား ပြဿနာတွေကို အလွယ်တကူဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “အရေးအကြီးဆုံးအရာဟာ တရားဥပဒေစိုးမိုးရေးကို တည်ဆောက်ဖို့ပဲလို့ ကျမ ပြောခဲ့ပါတယ်။ ဒါဟာ တရားစီရင်ရေး တခုတည်းအကြောင်း မဟုတ်ပါဘူး။ ဒါဟာ အုပ်ချုပ်ရေးအကြောင်း၊ အစိုးရအကြောင်း ကျမတို့ရဲ့ရဲတပ်ဖွဲ့အကြောင်း လုံခြုံရေးတပ်ဖွဲတွေကို ကျမတို့ လေ့ကျင့်သင်တန်း ပေးတဲ့အကြောင်းတွေပါ” လို့ ပြောသွားပါတယ်။

ဒါ့ပြင်  မြန်မာနိုင်ငံမှာ  ဘေးကင်းလုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖန်တီးဖို့လိုပြီး အမြင်မတူတဲ့လူတွေ အတူထိုင်ကာ အမြင်တွေ ဖလှယ်နိုင်ရမယ် တူညီတဲ့အရာတွေကို စဉ်းစားရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ  နောက်နေ့တွေမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးနဲ့ သီးခြား တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ အစီအစဉ်ရှိပြီး ဧပြီ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လာဖို့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီးနောက် ဂျပန်အစိုးရက ဒီမိုက ရေစီရေး၊ ငွေကြေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အကူအညီတွေ တိုးပေးနေတာပါ။ ဂျပန်စီးပွားရေး သမားတွေဟာလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အပြိုင်အဆိုင် ကြိုးစားနေချိန် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013