ပလက်ဝ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ တပ်အကူအညီဖြင့် ပို့ပေးမည်
DVB
·
April 26, 2020
ပလက်ဝ စစ်ဘေးရှောင်တွေအတွက် ဆန်အိတ် ၂၀၀၀ နဲ့ စားနပ်ရိက္ခာတွေကို တပ်မတော်အကူအညီနဲ့ မကြာမီ ပို့ပေးသွားမယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
စစ်ဘေးရှောင်တွေအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ထားတာနဲ့ ပြင်ပအလှူရှင်တွေ လှူဒါန်းထားတဲ့ ဆန်အိတ် ၂၀၀၀ အပါအဝင် အခြေခံစားသောက်ကုန်တွေဟာ ဆမီးမြို့မှာ ရောက်ရှိနေပြီလို့ ချင်းပြည်နယ်စည်ပင်ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။
လက်ရှိမှာတော့ ချင်းပြည်နယ်၊ ဆမီးမြို့နဲ့ ပလက်ဝမြို့နယ် အသွားလမ်းကြောင်းကို တပ်မတော်က ထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက် တပ်မတော်အကူအညီနဲ့ ပလက်ဝမြို့ကို မကြာမီ ပို့ပေးသွားမယ်လို့ သူကဆိုပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့ပေါ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၃၇၀၀ ကျော် ရှိနေတာပါ။ ထို့အတူ လက်ဝမြို့နယ်အတွင်း နေထိုင်သူ ဦးရေ စုစုပေါင်း ၁ သိန်း ၁ သောင်းကျော်ရှိပြီး မကြာမီ မိုးကာလရောက်တော့မှာဖြစ်တဲ့အတွက် သူတို့တွေအတွက်လည်း အခြေခံစားသောက်ကုန်တွေကို ပြည်မက ဝယ်ယူပြီး ပို့ပေးနိုင်ဖို့ ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေတယ်လို့လည်း ဦးစိုးထက်က ပြောပါတယ်။
အဲဒီလိုပို့တဲ့အခါ ခရီးစရိတ်ကို ကောက်ခံမှာ ဖြစ်ပေမယ့် စားသောက်ကုန်ဈေးနှုန်းကိုတော့ ပြည်မမှာ ဝယ်ယူတဲ့ဈေးအတိုင်း ပြန်လည်ရောင်းချပေးမယ်လို့ ဆိုပါတယ်။