Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၅၀ ကျော် COVID-19 ရောဂါ ကူးစက်ခံရ 
DVB
·
April 26, 2020
ထိုင်းနိုင်ငံမှာ တရားဝင်အနေနဲ့ရော တရားမဝင်အနေနဲ့ပါ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၂ ဦး COVID-19 ပြင်းထန်းအဆုတ်ရောင်ရောဂါ ကူးစက်ခံနေရတယ်လို့  ထိုင်းပီဘီအက်စ် တီဗွီသတင်းမှာ ဖော်ပြပါတယ်။  အဆိုပါ ၅၂ ဦးမှာ ဘန်ကောက်ခရိုင် နယ်မြေ ၆ ခုထဲမှာ အလုပ်လုပ်နေသူ  ၁၈ ဦးနဲ့ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်အကျဉ်းထောင်ထဲရောက်နေသူ  ၃၄ ဦးတို့ ဖြစ်ကြပါတယ်။  ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး COVID-19 ကူးစက်ရောဂါ ကူးစက်ပြန့်ပွားလာတဲ့နောက် ထိုင်းပီဘီ အက်စ်သတင်းဌာနက ကူးစက်ခံရသူတွေရဲ့ သတင်းအချက်အလက်ကို အုပ်စုလိုက်ခွဲပြီး စုဆောင်းခဲ့ရာမှာ ၂၀၂၀ ဧပြီလ ၂၄ ရက်နေ့ထိ ဘန်ကောက်ခရိုင်ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦး COVID-19 ကူးစက် ခံရပြီး သူတို့တွေဟာ ဖရခနုန်၊ ဟွေ့ခွမ်၊ ခလောင်းတွေ၊ ခလောင်းဆန်၊ ဝပ်ထနားနဲ့ ရတ်ဘူရာန စတဲ့ နယ်မြေထဲမှာ အလုပ်လုပ်နေတာလို့ ဆိုပါတယ်။ သူတို့တွေ ဘယ်ဆေးရုံမှာ တက်ရောက်ကုသနေသလဲ ဆိုတာတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။  နောက်ထပ် ၃၄ ဦးကတော့ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ်ရှိ ထိုင်း လ.ဝ.က အကျဉ်းထောင်ထဲမှာပါ။  သူတို့တွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာလို့ ဖမ်းဆီးခံထားရတာဖြစ်ပြီး ဒီမတိုင်ခင်က အကျဉ်းထောင်ထဲ ဝင်ချည်ထွက်ချည်လုပ်နေတဲ့ ထိုင်း လ.ဝ.က ရဲတပ်ဖွဲ့ဝင် ၁ ဦး COVID-19 ကူးစက်ခံထားရတာကြောင့် အကျဉ်းကျနေသူတွေအားလုံးကို ရောဂါစစ်ဆေးခဲ့တယ်လို့ ဆုန်ခလာခရိုင်ဝန်က သတင်းထောက်တွေကို ပြောပါတယ်။   စစ်ဆေးခဲ့သူ ၁၁၅ ဦးအနက် ၄၂ ဦးမှာ ရောဂါကူးစက်ခံနေရပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား ၃၄ ဦး၊ ကမ္ဘောဒီးယား ၁ ဦး၊ ဗီယက်နမ် ၃ ဦး၊ မလေးရှား ၂ ဦး၊ အိန္ဒိယ ၁ ဦး နဲ့ ဂျာမနီနိုင်ငံသား ၁ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။  အခုလို အကျဉ်းထောင်ထဲကသူတွေ ကူးစက်ခံရတာနဲ့ ပတ်သက်ပြီး ဆုန်ခရာခရိုင်ဝန် နိုင်းကျာရုဝပ် ကလိန်းကော်က ဖြစ်နိုင်ခြေ ၂ ချက်ရှိကြောင်း၊ ပထမတချက်မှာ လ.ဝ.က ရဲဝန်ထမ်းမှတဆင့် ကူးစက်ခြင်း၊ ဒုတိယတချက်မှာ အချုပ်ခန်းကို ရောက်လာတဲ့ မလေးရှားနိုင်ငံသူ အမျိုးသမီးကနေ ကူးစက်တာလို့ ဆိုပါတယ်။  COVID-၁၉ ကူးစက်ခံထားရတဲ့ လ.ဝ.က ရဲဝန်ထမ်းဟာ အဲဒီမတိုင်ခင် ဧပြီလ ၄ ရက်နေ့က အကျဉ်းထောင်မှာ တာဝန်ကျကြောင်း၊ အဲဒီနေ့က ဟတ်ယိုင်ရဲစခန်းကနေ တရားခံ ၁၀ ဦး လွှဲပြောင်းလာပြီး အချုပ်ထဲမဝင်ခင် သူတို့ကို ရဲဝန်ထမ်းက ထိတွေ့စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ခရိုင်ဝန်က ပြောပါတယ်။  ဒုတိယတချက်ဖြစ်တဲ့ မလေးရှားအမျိုးသမီးမှာတော့ သူမဟာ ထိုင်းနိုင်ငံထဲမှာ လူသေလောက်အောင် ပြင်းထန်တဲ့ ယာဉ်တိုက်မှုကျူးလွန်ခဲ့လို့ ထိုင်းတရားရုံးက စီရင်ချက်ချ၊ ထောင်ဒဏ်အပြစ်ပေးပြီး လွှတ်ရက်နီးတော့ မလေးရှားကို ပြန်ပို့ဖို့ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က ဒီအကျဉ်းထောင်ထဲ ရောက်လာကြောင်း၊ သူမဟာ ၁၇ ရက်နေ့မှာ မလေးရှားကနေ လာကြည့်တဲ့ ဆွေမျိုးနဲ့ ထွက်တွေ့ပြီး ၁၈ ရက်နေ့မှာ နေမကောင်းဖြစ်ကြောင်း၊ ၂၀ ရက်နေ့မှာ မလေးရှားနိုင်ငံကို ပြန်ပို့ပြီး ၂၁ ရက်နေ့မှာ COVID-19 ရောဂါနဲ့ ဆေးရုံတက်နေရကြောင်း သိရတယ်လို့ ဆိုပါတယ်။ ခရိုင်ဝန်က လောလောဆယ် COVID-19 ကူးစက်ခံရတဲ့ အကျဉ်းသားတွေကို သီးခြားခွဲထုတ်ပြီး ကုသပေးနေကြောင်း၊ အကျဉ်းထောင်ဝင်းထဲမှာပဲ ယာယီဆေးရုံဆောက်လုပ်ပြီး ကုသပေးသွားမှာဖြစ်ကာ ဝေဒနာပြင်းထန်လာတယ် ဆိုရင်တော့ အခြားဆေးရုံကြီးတွေကို လွှဲပြောင်းကုသပေးသွားမယ်လို့ ထိုင်းရတ်သတင်းဌာနကို ပြောသွားပါတယ်။  ထိုင်းနိုင်ငံမှာ ဒီနေ့မွန်းလွဲပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉၀၇ ဦးနဲ့ သေဆုံးသူ ၅၁ ဦး ရှိပြီလို့ worldometers ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ ကိုးကား - ထိုင်းပီဘီအက်စ် TV  / ထိုင်းရတ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024