ဝမ်းတွင်းတွင် မိုးသက်လေပြင်းကြောင့် နေအိမ် ၇ လုံးပြိုကျ၍ ၆၀ ကျော် အမိုးလန်ပျက်စီး
DVB
·
April 26, 2020
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဧပြီ ၂၅ ရက် ညနေက မိုးသက်လေပြင်းတိုက်ခတ်တာကြောင့် ကျေးရွာအုပ်စု ၅ အုပ်စုက နေအိမ် ၇ လုံး ပြိုကျပြီး ၆၀ ကျော် အမိုးလန်ပျက်စီးခဲ့ပါတယ်။
ထန်းပင်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးညွန့်မြိုင်က “မိုးသက်လေပြင်း တိုက်ခတ်တာ လေဆင်နှာမောင်းလိုပဲ ဝေ့ဝိုက်ပြီး အရှိန်ပြင်းပြင်း တိုက်သွားတယ်။ လူနေအိမ်တလုံးက အမိုးကြီးတခုလုံး ပေ ၂၀၀ ကျော် လွင့်ပါသွားတယ်။ နွားဦးခေါင်းကို လူနေအိမ်က အပိုင်းအစတွေ မှန်ပြီး နွားတကောင် သေဆုံးသွားတယ်။ လျှပ်စစ်မီး မရသေးပေမယ့် ဓာတ်တိုင်တွေ စိုက်ပြီး မီးကြိုးတွေ ဆွဲထားတယ် ဓာတ်တိုင်တွေ ပြတ်ထွက်ကုန်တယ်။ လေဘေးသင့် ပြည်သူတွေကို ရွာကပဲ ကူညီပေးထားတယ်။ လေဘေးသင့် လူနေအိမ်တွေ ပျက်စီးဆုံးရှုံးသွားတာကိုလည်း သက်ဆိုင်ရာကို တင်ပြထားပါတယ်” လို့ ပြောပါတယ်။
ညောင်ပင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးဖြိုးလှိူင်ဝင်းက “ဒီလိုလေပြင်းတိုက်တာ ဒါ ပထမဆုံး ကြုံရတာပါပဲ။ ကျနော်တို့က ညောင်ပင်ရွာနဲ့ ခြင်္သေ့လက်ရွာ ၂ ရွာ တအုပ်စုပါ။ လေပြင်းတိုက်သွားတာ ၂ ရွာလုံးကို တိုက်သွားတယ်။ ညောင်ပင်ရွာက ပိုပျက်စီးသွားတယ်၊ လေဘေးသင့်ပြည်သူတွေကို ဆွေမျိုးတွေအိမ်မှာ နေရာချထားပေးတယ်။ သူတို့အိမ်တွေကိုလည်း မိုးကာတွေ မိုးပေးထားတယ် ကျေးလက်ဆိုတော့ ဝိုင်းကူညီပေးကြပါတယ်” လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့နယ်မှာ နှစ်စဉ် ဧပြီလ နောက်ဆုံးပတ်နဲ့ မေလထဲမှာ မိုးသက်လေပြင်း တိုက်ခတ်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ပင်းတလဲအုပ်စု လေးမျက်နှာရွာ၊ တဲစုအုပ်စု တဲစုရွာ၊ တောင်ဘိုအုပ်စု တောင်ဘိုရွာ၊ ညောင်ပင်အုပ်စု ခြင်္သေ့လက်ရွာ နဲ့ ညောင်ပင်ရွာ ထန်းပင်ကုန်းအုပ်စု ကင်းရွာ စတဲ့ ကျေးရွာအုပ်စု ၅ ခုကို လေပြင်းတိုက်ခတ်သွားတာပါ။
လေပြောင်းကြောင့် စုစုပေါင်း လူနေအိမ် ၆၄ လုံး အမိုးလန်ပျက်စီးပြီး ၇ လုံး ပြိုကျပျက်စီးပါတယ်။ ဘုန်းတော်ကြီးကျောင်း အဆောက်အအုံ ၁ ခုနဲ့ စာသင်ကျောင်း ၄ ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး နွားတကောင် သေဆုံးသွားခဲ့တာကြောင့် စုစုပေါင်းကာလတန်ဖိုး သိန်း ၁၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မောင်မောင်လင်း