DVB Logo
Home
မှုခင်း/မူးယစ်ဆေး
နိုင်ငံသားဥပဒေ နိုင်ငံတကာစံညွှန်းနှင့် ကိုက်ညီရန် ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
April 17, 2013
နိုင်ငံသားဥပဒေ နိုင်ငံတကာစံညွှန်းနှင့် ကိုက်ညီရန် ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

တည်ဆဲဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူအားလုံးကို နိုင်ငံသားအဖြစ် အမြန်ဆုံး အသိအမှတ်ပြုဖို့နဲ့ နိုင်ငံသားအားလုံးဟာ တန်းတူညီတူ အခွင့်အရေးရှိရမယ်လို့ ဂျပန်နိုင်ငံရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

တိုကျိုမြို့မှာ ဧပြီ ၁၅ ရက်နေ့က မြန်မာအသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံသားဥပဒေဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ပြန်သုံးသပ်ဖို့ လိုအပ်တယ်လို့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ကျမတို့ရဲ့ နိုင်ငံသားဥပဒေဟာ မျှတသလား၊ မမျှတဘူးလားဆိုတာ ကျမတို့ ကြည့်ရမယ်။ နိုင်ငံတကာရဲ့ အဆင့်အတန်းအရ အဆင့်မီရဲ့လား အဆင့်မီရဲ့လား အဲဒီဟာကို သုံးသပ်ရမယ်။ သုံးသပ်ပြီး လိုအပ်ရင် လိုအပ်သလို ပြောင်းလဲရမယ်၊ ဖြည့်ဆည်းရမယ်။ နောက်တခုက ကျမတို့ နိုင်ငံသူနိုင်ငံသားအကြားမှာ ခွဲခြားဆက်ဆံမှုတွေ ရှိတယ်။ တချို့ဥပဒေတွေဟာ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ တန်းတူညီတူမှု ရရေးကို ထိခိုက်စေသလား။ အဲဒါတွေကိုလည်း ကျမတို့ ကြည့်ရမယ်၊ တတ်နိုင်သမျှ ပြင်ရမယ်။”

ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတဲ့ နိုင်ငံသားအက်ဥပဒေဟာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားအက်ဥပဒေကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ အချိန်ယူရေးဆွဲထားပြီး ပြင်ဆင်စရာမလိုအပ်သေးဘူးလို့ ရှင်းလင်းပြောဆိုနေတာပါ။

အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်ကလည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ လက်ရှိကာလမှာ ပြင်စရာမလိုသေးဘဲ ပြင်ဆင်ချင်တယ်ဆိုရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးအနေနဲ့ ပြည်ပမှာပြောတာထက် လွှတ်တော်မှာတင်ပြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ဟာ သန်း ၁၃၀၀ ရှိတဲ့ တရုတ်နိုင်ငံကြီး၊ သန်း ၁၂၀၀ ရှိတဲ့ အိန္ဒိယနိုင်ငံကြီး၊ ရှမ်းပြည်နယ်လောက်သာ အကျယ်အ၀န်းရှိပေမယ့် လူဦးရေ သန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေ ၀ိုင်းရံနေတဲ့ နိုင်ငံပါ။ ကျနော်တို့နိုင်ငံ အမျိုးမပျောက်ရေးအတွက်၊ ကျနော်တို့နိုင်ငံကို သွေးနှောထားတဲ့ သူတွေကနေ အဓိက နိုင်ငံရေးဇာတ်ခုံပေါ်မှာ အဆုံးအဖြတ်ပေးတဲ့အခါမှာ ခွင့်မပြုတဲ့ မြန်မာနိုင်ငံသားဥပဒေဟာ နိုင်ငံတော် အဓွန့်ရှည်ရေးအတွက် အင်မတန် အရေးပါတဲ့ ဥပဒေဖြစ်ပါတယ်။ အဲဒီဥပဒေကို ပြင်ချင်တယ်၊ ပြောင်းလဲစေချင်တယ်ဆိုရင် ပြည်သူ့လွှတ်တော်အတွင်းမှာ တင်ပြပါ။ ကျိုးကြောင်းခိုင်လုံအောင် တင်ပြပြီးတော့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးညှိနှိုင်းတာ အကောင်းဆုံးပါပဲ၊ ပြည်ပမှာ ပြောတာတော့ ကျနော်တို့ မသိဘူးလေ။”

မနှစ် နိုဝင်ဘာလမှာတုန်းကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမတ်တဦးက အမျိုးသားလွှတ်တော်မှာ နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ အဆိုတခုတင်ရာမှာလည်း အဆိုရှုံးနိမ့်ခဲ့ဖူးပါတယ်။
လက်ရှိကျင့်သုံးတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ကင်တားနားက လွန်ခဲ့တဲ့လပိုင်းက တောင်းဆိုတုန်းက လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ တာဝန်ရှိသူတွေက ၁၉၈၂ ဥပဒေဟာ တရားမ၀င်နိုင်ငံခြားသားတွေ ၀င်ရောက်မှုကို တားဆီးနိုင်ဖို့ အထောက်အကူဖြစ်တာကြောင့် လူဦးရေများပြားတဲ့ နိုင်ငံတွေအကြားမှာ ရှိနေတဲ့ မြန်မာနိုင်ငံအတွက် ကိုက်ညီမှုရှိတာကြောင့် မပြင်ဆင်သင့်ဘူးလို့ တုံ့ပြန်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013