ညမထွက်ရအမိန့် ဖောက်ဖျက်သူများနှင့် ဆဲဆိုသူများကို ထောင်ဒဏ်ချမှတ်
DVB
·
April 24, 2020
မန္တလေးတိုင်း၊ မတ္တရာမြို့မှာ ညမထွက်ရအမိန့်ကို ဖောက်ဖျက်ခဲ့သူ ၃ ဦးကို ထောင်ဒဏ် တလစီ ချမှတ်ခဲ့ပြီး မိုးကုတ်မြို့နယ်မှာ ကျန်းမာရေးစစ်ဆေးသူတွေကို ဆဲဆိုခဲ့သူ ၂ ဦးကို ထောင်ဒဏ် ၆ လစီချမှတ်ခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။
ဧပြီ ၂၁ ရက် ည ၁၁ နာရီခွဲခန့်က မတ္တရာမြို့၊ အမှတ် ၅ ဘုရင့်နောင်ရပ်ကွက် လမ်းမပေါ်မှာတွေ့ရှိတဲ့ အမျိုးသား ၂ ဦးနဲ့ ဧပြီ ၂၂ ရက် ညက အမှတ် ၅ ဘုရင့်နောင်ရပ်ကွက် လမ်းမပေါ်မှာ တွေ့ရှိခဲ့သူ အမျိုးသား ၁ ဦးကို မတ္တရာမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်တရားစွဲ ဆိုခဲ့ပြီး ဧပြီ ၂၂ ရက်မှာ တရားရုံးက အလုပ်မဲ့ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မတ် ၃၀ ရက် မနက် ၁ နာရီခွဲခန့်က ကျောက်ဖြူရပ်ကွက် မိုးကုတ်-မန္တလေး ကားလမ်းပေါ်မှာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ကျန်းမာရေးစစ်ဆေး ဆောင်ရွက်နေစဉ် မန္တလေးမှ မိုးကုတ်မြို့ဘက်သို့ မော်တော်ယာဉ် ၁ စီးနဲ့ ရောက်ရှိလာတဲ့ ဦးဇော်လွင်နဲ့ ဒေါ်ဝါဝါ တို့ကို ကျန်းမာရေး စစ်ဆေးဆောင်ရွက်ရာမှာ အစစ်ဆေးမခံဘဲ အပြန်အလှန် စကားများဆဲဆိုတဲ့အပြင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ၁ ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ တာပါ။
ကျပ်ပြင်နယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃(ဆဲဆိုမှု၊ တာဝန်ဝတ္တရား နှောက်ယှက်မှု)တွေနဲ့ အမှုဖွင့်ခဲ့ပြီးနောက် မိုးကုတ်မြို့နယ်တရားရုံးသို့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆ နဲ့ ပြောင်းလဲတရားစွဲတင်ခဲ့ပြီး ဧပြီ ၂၃ ရက်နေ့မှာတော့ တရားရုံးကနေ ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ-မတ္တရာ စည်ပင်