DVB Logo
Home
မြန်မာသတင်း
အတာသင်္ကြန် နှစ်သစ်ကူး ဆုတောင်း
DVB
·
April 12, 2013
အတာသင်္ကြန် နှစ်သစ်ကူး ဆုတောင်း
1 / 6
Donate to DVB

ဦးဝင်းတင်၊ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ၊ ဦးထွန်းလွင်၊ ဦးသိန်းညွန့်၊ ဦးကိုနီ၊ စံဇာဏီဘို၊ ဦးဇင်ဝိုင်း၊ ဦးမင်းကိုနိုင်တို့ရဲ့ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် ဆုတောင်းဖြစ်ပါတယ်။

ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)

“မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲမှာ ရိုးရာယဉ်ကျေးမှုမပျက်၊ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း မြန်မာနိုင်ငံဟာ ယဉ်ကျေးမှုရော၊ ဘာသာ သာသနာရော၊ နိုင်ငံတော်ရော တည်ဆောက်လာကြတာ ဖြစ်တဲ့အတွက် မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတော်အတိုင်း သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာ သုံးရပ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ ယဉ်ကျေးသော၊ အဆင်မြင့်မားသော နှစ်သစ်ကူးပွဲတော်အဖြစ်နဲ့ အားလုံး ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့၊ နူးနူးညံ့ညံ့နဲ့ ကုသိုလ်တရားများ လွှမ်းခြုံနေတဲ့ နှစ်သစ်မင်္ဂလာဖြစ်အောင် ကြိုးစားရွက်ဆောင်ရင်းနဲ့ နှစ်သစ်မင်္ဂလာမှာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

ဦးဝင်းတင်(အန်အယ်လ်ဒီ နာယကအဖွဲ့ဝင်)

“နှစ်ဆန်း ၁ ရက်နေ့ဟာ ရှေ့လျှောက် ကျနော်တို့ အိပ်မက်တွေ မက်တဲ့နေ့ပဲ။ ဒီနေ့ဟာ နှစ်ရဲ့ အစဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ လူမှုဘ၀တွေ၊ စီးပွားရေးဘ၀တွေ၊ နိုင်ငံရေးဘ၀တွေ၊ ပြည်သူတွေအားလုံးရဲ့ဘ၀တွေ မျှော်လင်ချက်ဘ၀ အိပ်မက်တွေရဲ့ အစဖြစ်တယ်။ ဒီနေ့မှာ အစတင် မစဘဲနဲ့ အဆုံးထိ အိပ်မက်ကောင်းတွေ မက်နိုင်ပါစေ၊ မျှော်လင့်ချက်တွေ ပြည့်ဝပါစေ၊ အောင်မြင်နိုင်တဲ့ဟာ ဖြစ်ပါစေ၊ ရည်မှန်းချက်အတိုင်းလည်း ဖြစ်မြောက်ကြပါစေလို့ ကျနော်ပြောချင်ပါတယ်။ အဓိက ရည်မှန်းချက်ကတော့ နိုင်ငံရေး ရည်မှန်းချက်ဖြစ်တယ်။ နိုင်ငံရေး ရည်မှန်းချက် ပြည့်မှသာလျှင် အခြားသော စီးပွားရေး။ လူမှုရေး စသည်တို့လည်း ပြည့်စုံမှာဖြစ်တဲ့အတွက် နိုင်ငံရေး ရည်မှန်းချက် ပြည့်စုံပါစေ၊ နိုင်ငံရေး အိပ်မက်တွေလည်း အကောင်အထည် ပေါ်ပါစေလို့ ကျနော် ဆန္ဒပြုပါတယ်။  ”

ဦးထွန်းလွင် (မိုးလေ၀သပညာရှင်)

“လာမယ့်နှစ်သစ်မှာ မြန်မာနိုင်ငံသားများ အားလုံး ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေ ရနိုင်ကြပါစေ။ သဘာဝအန္တရာယ်ဘေးတွေကို ကျော်လွှားနိုင်တဲ့ နည်းပညာကောင်းတွေလည်း ရနိုင်ကြပြီးတော့ အရှည်သဖြင့် ကြုံတွေ့ကြရမယ့် သဘာဝဘေးများကလည်း ကင်းဝေးနိုင်ကြပါစေ။ သူတို့ရဲ့ အကျိုးဆက်တွေကိုလည်း အသက်သာဆုံး အနေအထားနဲ့ ကြုံတွေ့ကျော်လွှား ဖြတ်သန်းနိုင်ကြပါစေလို့ပဲ ကျနော်ဆုတောင်းလိုပါတယ်။”

ဦးမင်းကိုနိုင် (၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း)

“ဒီနှစ်သင်္ကြန်ကိုတော့ ငြိမ်းချမ်းရေးသင်္ကြန်လို့ ကျနော်တို့ နာမည်မှည့်တယ်။ အဲဒီခေါင်းစဉ်နဲ့ ကျနော်တို့ တီရှပ်တွေ ရိုက်တယ်၊ သံချပ်တွေလည်း ထိုးနေကြတယ်။ ငြိမ်းချမ်းရေးဆိုတာ စစ်ပွဲတွေ ရပ်နေရုံနဲ့ မလုံလောက်ပါဘူး။ ကျနော်တို့ လူမျိုးတမျိုးနဲ့ တမျိုး၊ အုပ်စုတစုနဲ့တစု၊ တိုက်နေ ခိုက်နေကြမယ်။ ဒီလိုမှမဟုတ်ရင် ရန်စောင်နေကြမယ်။ ဒီလိုမှမဟုတ်ရင် မယုံသင်္ကာတွေနဲ့ ပူလောင်နေကြမယ်ဆိုရင် မငြိမ်းချမ်းပါဘူး။ ဒါကြောင့် ကျနော်တို့ ပြောချင်တဲ့ ငြိမ်းချမ်းရေးဟာ လူတွေရဲ့ စိတ်နှလုံး အေးချမ်းခြင်း၊ တယောက်နဲ့တယောက် ယုံကြည်ခြင်း၊ ချစ်ခင်ရင်းနှီးမှုတွေ အားလုံး ပါနေပါတယ်။ ဒီနှစ်သင်္ကြန်နှစ်ကူးမှာတော့ ကျနော်တို့ တမ်းတတဲ့ ငြိမ်းချမ်းရေးနဲ့ ကျနော်တို့ လူမျိုးရဲ့ နှစ်ကူး ၂ ခုကိုပေါင်းပြီးတော့ ငြိမ်းချမ်းရေးသင်္ကြန်လို့ ခေါ်ပြီးတော့ အဲဒီလှုပ်ရှားမှုကို စတယ်။ ဒါကြောင့် ကျနော်တို့ ဒီနှစ်ကူးမှာ ကျနော်တို့ တိုင်းပြည်ဟာ တကယ်ငြိမ်းချမ်းပါစေ။ ပြည်တွင်းစစ်တွေ ငြိမ်းချမ်းရုံမက အုပ်စုဖွဲ့ တိုက်ခိုက်မှုများ၊ မလုံခြုံမှုများမှ ကင်းဝေးပြီးတော့ ငြိမ်းချမ်းပါစေ။ အပြစ်မဲ့ပြည်သူတွေရဲ့ နာကျင်မှုများ ပပျောက်ပြီး ငြိမ်းချမ်းပါစေ။ မိသားစုထမင်းဝိုင်းတွေ ပြန်ဆုံကြပါစေလို့ ကျနော်တို့ ဆုတောင်းပါတယ်။

ဦးဇင်ဝိုင်း (ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ )

“ဒီနှစ်သစ်မှာ မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာမှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလုပ်သားပြည်သူ မိဘပြည်သူ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း စတဲ့ ကောင်းမြတ်တဲ့တရားတွေနဲ့ လွှမ်းခြုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။”

ဦးကိုနီ (တရားလွှတ်တော်ရှေ့နေ)

“လာမယ့် နှစ်သစ်၊ အတာသင်္ကြန်အပြီး နှစ်ဦးကာလမှာ မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးဖြစ်တဲ့၊ မြန်မာနိုင်ငံရဲ့ အသက်ဝိညာဉ်လို့ ပြောဆိုနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တရပ် ပေါ်ပေါက်ရေး ဆုတောင်းမေတ္တာပို့ရင်းနဲ့ နှုတ်ခွန်းဆက်လိုက်ပါတယ်။”



 

 

 

ဦးသိန်းညွန့် (အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ)

“၁၃၇၅ ခုနှစ် မြန်မာ့နှစ်သစ်ကူးသည် နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုကို သယ်ဆောင်နိုင်တဲ့ နှစ်သစ်အခါသမယဖြစ်ဖို့ ဆုမွန်ကောင်းတောင်းပါတယ်။ နှစ်သစ်မှာ ပဋိပက္ခတွေ လျော့နည်းပြီး မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အကောင်းဘက်သို့ ပြောင်းလဲနိုင်သည့် နှစ် ဖြစ်ပေါ်လာဖို့အတွက်လည်း ပြည်သူပြည်သားအားလုံးကို  ဆုမွန်ကောင်းတောင်းလိုပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013