ရန်ကုန်နှင့် မန္တလေးတွင် COVID-19 လူနာသစ် ၅ ဦးထပ်တွေ့
DVB
·
April 23, 2020
ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးမှာ COVID-19 လူနာအသစ် ၅ ဦး ထပ်မံ စစ်ဆေးတွေ့ရှိရပြီး ဧပြီ ၂၃ ရက် ည ၈ နာရီအထိ နိုင်ငံတဝန်း အတည်ပြုလူနာ စုစုပေါင်း ၁၃၂ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါ လူနာသစ် ၅ ဦးကတော့ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်က အသက် ၅၄ နှစ်အရွယ် အမျိုးသား တဦး၊ သာကေတမြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး တဦး၊ အင်းစိန်မြို့နယ်နေ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး တဦး နဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး တဦး၊ မန္တလေးတိုင်းဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ်ထားရှိတဲ့ မတ္တရာမြို့နယ်နေ အသက် ၈၀ အရွယ်အမျိုးသား တဦးတို့ ဖြစ်ကြပါတယ်။
အဆိုပါလူနာ ၅ ဦးဟာ ပြည်ပကိုသွားခဲ့တဲ့ ခရီးသွားရာဇဝင်မရှိပေမဲ့ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့လို့ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူတွေဖြစ်ကြပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကဧပြီ ၂၃ ရက် ညနေက ပထမအသုတ် စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၈၂ ခု အနက် ၅ ဦး မှာ COVID-19 ရောဂါပိုး တွေ့ရှိပြီး ကျန်သူတွေကတော့ ရောဂါပိုး မတွေ့ရှိပါဘူး။
မြန်မာနိုင်ငံမှာ ဒီနေ့ ည ၈ နာရီအထိ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၁၃၂ ဦးရှိပြီး သေဆုံးသူ ၅ ဦးနဲ့ ရောဂါပိုးကင်းစင်လို့ ဆေးရုံက ဆင်းခွင့်ပြုခဲ့သူ ၉ ဦး ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- MOHS