DVB Logo
Home
မြန်မာသတင်း
မြေသိမ်းမှုမဖြေရှင်းပေးရင် ဆန္ဒပြမှု ဖြစ်ပွားနိုင်ဟု ရှမ်းပါတီပြော
DVB
·
April 11, 2013
Donate to DVB

ရှမ်းပြည်နယ် နမ္မတူမြို့နယ်ထဲက မြေသိမ်းမှုတွေ တိုင်တန်းထားထာကို သက်ဆိုင်ရာက အရေးတယူ မဆောင်ရွက်ပေးရင် ဆန္ဒပြမှုတွေ ဖြစ်ပွားနိုင်တယ်လို့ ကျားဖြူပါတီ ပြည်နယ် လွှတ်တော်အမတ်တဦးက ပြောပါတယ်။

နမ္မတူမြို့နယ် နားဆိုင်းရွာမှာ  ရာဘာစိုက်နေတဲ့  တီအန်စီကုမ္ပဏီနဲ့ ဒေသခံရွာသားတွေကြားဖြစ်တဲ့ မြေယာပြဿနာကို  တိုင်ကြားထားပေမယ့် သက်ဆိုင်ရာက အကြောင်းမပြန်တာကြောင့် ရွာသားတွေက  ဆန္ဒပြချင်နေကြတယ်လို့ ကျားဖြူပါတီလို့ ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြည်နယ်လွှတ်တော်အမတ် ဒေါ်နန်းခမ်းအေးက ပြောပါတယ်။

“၂၀၀၅-၀၇ ကဖြစ်တုန်းက ဥက္ကဋ္ဌကနေ ဒီရွာတွေနဲ့ မြေယာတွေကို ဖယ်ပေးရမယ်ပြောတယ်။ အဲတုန်းက ပြောင်းဖူးတွေ စိုက်ထားတယ်။ ကုမ္ပဏီတွေကလာလုပ်မယ် ဖယ်ဆိုတော့ အဲကတည်းက ဖယ်ရတယ်။ သိမ်းလိုက်တဲ့အချိန်မှာ တချို့က ပုံစံ ၁၀၅ ရှိတယ်။ ရှိရှိ၊ မရှိရှိ နားမလည်ဘူး ဆိုပြီး အကုန်သိမ်းသွားတာ။ အခု အဲဒေသမှာ သူတို့မြေပြန်ရလိုတယ်ဆိုပြီး ဆန္ဒပြမှုတွေလုပ်မယ့် အဆင့်ရောက်နေတယ်။ အဲဒါ အခု ကျမထိန်းထားတယ်။ အထက်အဆင့်ကနေ အရေးမယူရင် ဆူပူမှုတွေ ဖြစ်ရင်ဖြစ်နိုင်တယ်။”

သူတို့ပိုင်မြေတွေ ပြန်ရဖို့ မနှစ် စက်တင်ဘာ ၁၁ ရက်နေ့က  နေပြည်တော်က လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဆီကို စာတင်ခဲ့တာ အကြောင်းမထူးတဲ့ အတွက် ဒီ ၂၀၁၃ ခုနှစ် မတ် ၄ ရက်နေ့မှာ နောက်တကြိမ် စာထပ်တင်ခဲ့တယ်လို့ ဆိုပါတယ်။

တီအန်စီကုမ္ပဏီက ရာဘာပင်လာစိုက်တဲ့ မြေဧရိယာစုစုပေါင်း ၁၅၀၀ ဧကလောက်ရှိပြီး  ရွာသားတွေ ဘိုးစဉ်ဘောင်ဆက် လုပ်စားလာတဲ့မြေတွေရော၊ ပုံစံ ၁၀၅ မြေယာပိုင်ဆိုင်မှု အထောက်အထားရှိမြေတွေအပါအ၀င် ဧက ၁ ထောင်ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက စစ်အစိုးရခေတ်ဖြစ်လို့ ကုမ္ပဏီက ရွာသားတွေကို သူတို့နဲ့အတူ အကျိုးတူ ရာဘာစိုက်ဖို့ ပြောခဲ့တဲ့အပေါ် ရွာသားတွေက ကိုယ့်မြေလည်း မဆုံးရှုံးရအောင်၊ ရာဘာပင်ကြားထဲ အခြားသီးနှံတွေလည်း ရောစိုက်ရအောင် သဘောတူ လုပ်ကိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရာဘာပင်က အကျိုးအမြတ်မခံစားရတဲ့အပြင် ခုနောက်ပိုင်းမှာ ကုမ္ပဏီက သူတို့ပိုင်မြေတွေပါလို့ ပြောဆိုလာတာ၊ ရွာသားတွေရဲ့ ကျွဲနွားတွေ ရာဘာခင်းထဲ ၀င်ရောက်သွားရင် ၀င်သွားတဲ့ကျွဲနွားတန်ဖိုးလောက်နီးနီး   လျော်ကြေးပေးရတာတွေကြောင့်  ရွာသားတွေကြား မကျေနပ်မှုတွေ များလာပြီး အခုလို ကိုယ့်မြေကိုယ် ပြန်ပိုင်ဆိုင်ခွင့်ရဖို့ အရေးဆိုလာတာလို့ ဒေါ်နန်းခမ်းအေးက ပြောပါတယ်။
ကုမ္ပဏီနဲ့ ရွာသား ပြဿနာတင်မကဘဲ ရခိုင်ကနေ တရုတ်ကို သွယ်တန်းတဲ့ ပိုက်လိုင်းကြောင့် မြေယာဆုံးရှုံးမှုမှာ လျော်ကြေး အကုန်မရတဲ့ပြဿနာတွေကို မနှစ် နှစ်ဆန်းပိုင်းကတည်းက ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုဝန်ကြီးတွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စတွေကို ဘာမှမရှင်းရသေးပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီကိစ္စတွေ ဖြေရှင်းပြီးကြောင်း အထက်ဌာနကို မမှန်မကန်တင်ပြခဲ့တာကြောင့် ကွင်းဆင်းစစ်ဆေးဖို့ လာရောက်စစ်ဆေးဖို့  ပြည်ထောင်စုဝန်ကြီးဆီရော၊ ပြည်ထဲရေးဝန်ကြီးဌာနထိပါ ဒီနှစ် မတ် ၄ ရက်နေ့ နေ့စွဲနဲ့ စာထပ် တင်ထားတာ ခုထိ ဘာမှအကြောင်းမပြန်သေးဘူးလို့   ဒေါ်နန်းခမ်းအေးက  ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013