A d v e r t i s e m e n t With Us

မိုးညိုတရားရုံးက သတ်မှတ်ချိန်ကျော်လွန် အပြင်ထွက်သူများကို ထောင်ချ

ပဲခူးတိုင်း မိုးညိုမြို့နယ်တရားရုံးက ပုဒ်မ ၁၄၄ ချိုးဖောက်သူ ၂၂ ဦးကို ဒီနေ့ ထောင်ဒဏ် ၁ လစီ ပြစ်ဒဏ်ချလိုက်တယ်လို့ နယ်မြေခံတဦးက ပြောပါတယ်။ “သူတို့ ၂၂ ဦးက တချို့က အရောင်းအ၀ယ်သွားကြသူတွေ၊ တချို့က ကိုင်းထဲလယ်ထဲက ပြန်တာတွေ အချိန်လွန်နောက်ကျတာ သာမန်ပြည်သူတွေ။” ဘာသာရေးအဆောက်အဦတွေနဲ့ လူနေအိမ်ခြေတွေကို လူအုပ်စုလိုက် ဖျက်ဆီးကြလို့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အကြမ်းဖက်ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးထားသူ ၅ ဦးကိုတော့ စစ်ဆေးနေဆဲ ဖြစ်ပြီး အပြင်လူနဲ့ ပေးမတွေ့ဘူးလို့ ပြောပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်တုန်းကလည်း ပဲခူးတိုင်း ပေါင်းတည်မြို့တရားရုံးက လူ ၁၀ ဦးကို ထောင်ဒဏ် စီရင်ခဲ့ပါတယ်။ အခင်းဖြစ်တဲ့ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့အဆိုအရ ရွှေဆိုင်ပိုင်ရှင်တွေကို တရားစွဲဆိုထားသလို တခြား အကြမ်းဖက်မှု၊ လူသတ်မှုနဲ့ မီးရှို့မှု ကျူးလွန်သူတွေကိုလည်း အမှု ၃၅ မှု စွဲဆိုထားတယ်လို့ သိရပါတယ်။ မိတ္ထီလာမြို့မှာတော့ အကြမ်းဖက်မှုဖြစ်ပွားလို့ ရပ်နားထားတဲ့ စာမေးပွဲတွေပြန်စစ်ဖို့အတွက် မိတ္ထီလာမြို့ ဆရာအတတ်သင်ကျောင်းက မီးဘေးသင့်ဒုက္ခသည်တွေကို နေရာပြောင်းဖို့ ပြင်ဆင်နေပါတယ်။ အဲဒီမှာ အကူအညီသွားပေးတဲ့  အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဦးညွန့်မောင်ရှိန်က ဒုက္ခသည်တွေရဲ့ အခြေအနေကို ခုလိုပြောပါတယ်။ “လုံလုံခြုံခြုံနဲ့ ကိုယ့်အိုးအိမ်မှာ မီးမလောင်တဲ့သူတွေ ပြန်နေဖို့။ မီးလောင်ခံရသူတွေလည်း စိတ်ဓာတ်ကျနေတာတွေ စိတ်သက်သာရာရဖို့ လိုအပ်တဲ့ စိတ်ဓာတ်ဖြည့်ဆည်းပေးမှုတွေ ပေးဖို့၊ အကောင်းဆုံး လုံခြုံမှုပေးဖို့၊ တရားဥပဒေစိုးမိုးရေး အမြန်ဆုံး ဆောင်ရွက်ပေးဖို့နဲ့ ကျန်းမာရေးဂရုစိုက်မှုတွေ လုပ်ပေးဖို့ လိုအပ်နေပါတယ်။” ပဲခူးတိုင်းအတွင်းက အကြမ်းဖက်မှုဖြစ်တဲ့နေရာတွေမှာတော့ ပျက်စီးတဲ့ အဆောက်အဦတွေကို ပြန်လည်ဆောက်လုပ်နေထိုင်နေကြပြီး အခြေအနေ တည်ငြိမ်စပြုတာကြောင့် ညမထွက်ရအချိန်ကို တဖြည်းဖြည်းချင်း လျှော့ပေးနေပါတယ်။ မိတ္ထီလာမှာတော့ အခြေအနေ တည်ငြိမ်စပြုနေသလို ပြည်နယ်အစိုးရက မီးရှို့ခံရတဲ့အိမ်တွေပြန်ဆောက်ဖို့ ၃၅ သိန်းခွဲ ထောက်ပံ့ဖို့ သဘောတူထားပါတယ်။ ဒါပေမယ့် ကိုယ့်အိမ်ကိုယ့်ယာမှာ ပြန်လည်နေထိုင်ဖို့ကိစ္စကတော့ မဖြစ်သေးဘဲ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up