DVB Logo
Home
မြန်မာသတင်း
မြန်မာသံရုံး အကူအညီဖြင့် ရွှေ့ပြောင်းအလုပ်သမားများ လျော်ကြေးရရှိ
DVB
·
April 11, 2013
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အထည်ချုပ်စက်ရုံတခုမှာ အလုပ်ရှင်က စက်ရုံပိတ်မယ့်အကြောင်း အချိန်နီးမှ ကပ်ပြောတဲ့အတွက် အလုပ်သမားတွေ အခက်ကြုံနေရပြီး သူတို့ရဲ့ နစ်နာကြေးတွေအတွက် ဘန်ကောက် မြန်မာသံရုံးက သွားရောက်ဖြေရှင်းပေးခဲ့ပါတယ်။

ဘန်ကောက်မြို့ ဖလာမ်ဆောင် ဆမဲဒမ်လမ်းသွယ် အမှတ် ၅ မှာရှိတဲ့ မာစတာပိစ် အားကစားဝတ်စုံချုပ် စက်ရုံကို ဧပြီလ ၁၀ ရက်နေ့မှာ စပိတ်တော့မယ်လို့ အလုပ်ရှင်က ဧပြီလ ၃ ရက်နေ့မှာမှ အကြောင်းကြားတဲ့အတွက် အဲဒီစက်ရုံက အလုပ်သမား ၁၀၀၀ ကျော် မကျေမနပ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်က ဆန္ဒပြမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာအလုပ်သမားတဦးက ပြောပါတယ်။

“အလုပ်ရုံကိုဘာမှန်းမသိဘဲ ရုတ်တရက်ပိတ်လိုက်တယ်။ ပြီးတော့ အလုပ်သမားတွေရဲ့ နစ်နာကြေးလည်းမပေးဘဲ ရပိုင်ခွင့်အခွင့်အရေးတွေလည်း ချက်ချင်းမရှင်းပေးလို့ ဆန္ဒပြကြတာပါ။ ၁၀ ရက်နေ့က စပိတ်တော့မယ်ဆိုတာကို ၃ ရက်နေ့မှ ကပ်ပြောတယ်။ ဘာလို့ ပိတ်လဲဆိုတော့ ကွာလတီညံ့သွားလို့လား၊ အော်ဒါမရှိလို့လား အကြောင်းအမျိုးမျိုးကြောင့်လို့ ထင်ပါတယ်။”

သူတို့အနေနဲ့ အလုပ်သစ် ထပ်ရှာဖို့အတွက် ၇ ရက်ဆိုတဲ့ အချိန်ဟာ နည်းလွန်းပြီး  အလုပ်သစ်မရခင် နေရေးထိုင်ရေး အခက်အခဲရှိနေတယ်တယ်လို့ဆိုပါတယ်။ မြန်မာအလုပ်သမားတွေဟာ သူတို့နစ်နာကြေးတွေကို  အလုပ်ရှင်နဲ့ တိုက်ရိုက် တောင်းဆိုရင်  ဥပဒေအတိုင်း မဖြစ်မှာစိုးလို့ မြန်မာသံရုံးကို ဆက်သွယ် အကူအညီတောင်းခဲ့တယ်လို့ အလုပ်သမားက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးက ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သံတမန်အရာရှိ ဦးကျော်ကျော်လွင်ကို မေးမြန်းရာမှာ ဧပြီလ ၁၀ ရက်နေ့က စက်ရုံ မန်နေဂျာနဲ့ သွားရောက် ညှိနှိုင်းခဲ့တယ်လို့ ပြောပါတယ်။

“အလုပ်ထုတ်နစ်နာကြေး ဆောင်ရွက်ပေးခိုင်းတာရယ်၊ ပြန်မယ့်သူတွေက MOU (နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ ရောက်ရှိလာသူ) က ၉၆ ယောက်ရှိတယ်။ ၉၆ ယောက်ထဲက ပြန်မယ့်သူလည်း ပြန်မယ်၊ မပြန်မယ့်သူတွေလည်း တခြား အလုပ်ပြောင်းရအောင် ဆောင်ရွက်ပေးလိုက်တာ။ ၃၉ ယောက်က မနက်ဖြန်ပြန်မယ်။ လျော်ကြေးက ၂၄ ရက်နေ့မှ ရမှာ။ ဒါပေမယ့် သူတို့က မစောင့်နိုင်ဘူးဆိုတော့ ပိုင်ရှင်မန်နေဂျာကို သွားညှိပေးလိုက်တော့ မန်နေဂျာကလည်း ကားစီစဉ်ပေးပြီး ပြန်ပို့ပေးမယ်တဲ့။ ကျန်တဲ့ တ၀က်လောက် မပြန်ချင်တဲ့လူတွေကတော့ မာစတာပိစ် စက်ရုံနဲ့ စီးပွားဆက်စပ်မှုရှိတဲ့ ခရစ်စတယ်ပိစ်မှာ အလုပ်ဝင်မယ်၊ ဘယ်နှယောက်ကို လက်ခံမလဲတော့ မသိသေးဘူး။”

အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေကို အလုပ်ရှင်က နဂိုက ဧပြီလ ၁၀ ရက်နေ့ထိပဲ လုပ်အားခပေးမယ်လို့ ပြောထားပေမယ့် မနေ့ကတော့ တလစာ ဘတ် ၉၀၀၀ ပေးမယ်လို့ ပြောကြောင်း၊ မြန်မာအလုပ်သမားအများစုက ကျေနပ်ကြတယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ထိုင်းအလုပ်သမားအနည်းစုကတော့ မကျေနပ်လို့ ဆ၀ါဒီးကန်လို့ခေါ်တဲ့ ထိုင်းအလုပ်သမားကာကွယ်ရေးဌာနနဲ့ ပေါင်းပြီး ဆက်ပြီး အရေးဆိုသွားမယ်လို့ ဆိုပါတယ်။

မာစတာပိစ် စက်ရုံမှာ မြန်မာပြည်အနယ်နယ်အရပ်ရပ်ကလာတဲ့ နေ့စား၊ လစား အလုပ်သမား ၈၀၀ လောက်ရှိတယ်လို့ ပဲခူးတိုင်းကလာတဲ့ အလုပ်သမားတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ သူတို့ရဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်တိုင်ကြားလာမှု တနေ့ကို အနည်းဆုံး ၁၀ မှုလောက် ရှိကြောင်း၊ ပြဿနာအများစုက လစာမရတာ၊ အလုပ်သမားအခွင့်အရေး မရတာနဲ့ ထိုင်းရဲက ဖမ်းဆီးမှု စတာတွေဖြစ်ပြီး အလုပ်ရှင်ရော အလုပ်သမားပါ အလုပ်သမားဥပဒေကို နားလည်ပြီး လေးစားလိုက်နာမှုရှိမှ ပြဿနာတွေ လျော့ပါးသွားမယ်လို့လည်း ဦးကျော်ကျော်လွင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013