မင်းပြားမြို့နယ်တွင် CPS ပိုးသတ်ဆေးကုမ္ပဏီပိုင်ကား ပစ်ခတ်ခံရပြီး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
DVB
·
April 22, 2020
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီးမှာ CPS ပိုးသတ်ဆေး ကုမ္ပဏီပိုင် မော်တော်ယာဉ်တစီး သေနတ်နဲ့ပစ်ခတ်ခံရလို့ ယာဉ်မောင်းအမျိုးသား ၁ ဦး သေဆုံးပြီး ယာဉ်နောက်လိုက်တဦး ဒဏ်ရာရရှိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
အမ်းမြို့မှ စစ်တွေမြို့ဘက်ကို မောင်းလာတဲ့ CPS ပိုးသတ်ဆေးကုမ္ပဏီက ဝန်ထမ်း ယာဉ်မောင်း ဦးနွယ်နွယ်မောင်နဲ့ ယာဉ်နောက်လိုက် မောင်ဟိန်းထက်ဦး လိုက်ပါလာတဲ့ ဆေးပစ္စည်းတင် Hijet ကားကို ဧပြီ ၂၁ ရက် မွန်းလွဲ ၁ နာရီလောက်က ဖားပြိုကျေးရွာရဲ့ တောင်ဘက် မီတာ ၅၀၀ ခန့်အကွာမှာ အေအေအဖွဲ့က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူ နဖူးမှာ လက်နက်ငယ်ကျည်ထိမှန် သေဆုံးခဲ့ပြီး မောင်ဟိန်းထက်ဦးကတော့ ဝမ်းဗိုက်မှာ လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
မော်တော်ယာဉ်ကတော့ လမ်းအနောက်ဘက်ရှိ သစ်ပင်ကို ဝင်တိုက် တိမ်းမှောက်သွားပြီး လက်ရှိမှာ ဒဏ်ရာရတဲ့သူကို မင်းပြားပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။
အလားတူ ဧပြီ ၂၀ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ရာမောင်ဇက်ဆိပ်အနီးမှာ COVID-19 စစ်ဆေးဖို့ ဓာတ်ခွဲနမူနာတွေ သယ်လာတဲ့ ယူအန်အမှတ်တံဆိပ်ပါ ကားတစီး ပစ်ခတ်ခံရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဝန်ထမ်း ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရသွားပါတယ်။
အဆိုပါပစ်ခတ်မှုကို အေအေအဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ မြန်မာအစိုးရ ပြန်ကြားရေးကရော တပ်မတော်ကပါ သတင်းထုတ်ပြန်ထားပြီး အေအေဘက်ကတော့ သူတို့ လက်ချက်မဟုတ်ဘဲ တံတားလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဂိတ်က လက်နက်ငယ်နဲ့ပစ်တာလို့ ငြင်းဆိုပါတယ်။