DVB Logo
Home
မြန်မာသတင်း
ပင်စင်လစာများ လျှောက်စရာမလိုဘဲ ထုတ်ခွင့်ရရေး ဆောင်ရွက်နေ
DVB
·
April 11, 2013
Donate to DVB

ဧပြီလကစပြီး တိုးမြှင့်ရရှိမယ့် ပင်စင်လစာတွေကို လျှောက်ထားနေစရာမလိုဘဲ ပင်စင်ထုတ်နေကျ ဘဏ်တွေမှာ အချိန်တန် သွားရောက်ထုတ်ယူလို့ရအောင် လုပ်ဆောင်ပေးနေတယ်လို့ ပင်စင်ဦးစီးဌာနက ပြောပါတယ်။

ပင်စင်စားအငြိမ်းစားဝန်ထမ်းတွေရဲ့ တိုးမြှင့်ပင်စင်လစာကို ပင်စင်ဦးစီးဌာနက တာဝန်ယူ တွက်ချက်ပြီး သက်ဆိုင်ရာဘဏ်တွေကို အကြောင်းကြားလုပ်ဆောင်ပေးသွားမယ်လို့ ပင်စင်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းအောင်က ပြောပါတယ်။

ပင်စင်နည်းဥပေဒအရ တိုးရမယ့်လစာနဲ့ အခုထိ လုပ်ဆောင်ပြီးသလောက်ကိုလည်း သူက အခုလို ပြောပါတယ်။

“၀န်ထမ်းလစာ တိုးတာက ၂ သောင်း၊ ၂ သောင်းကို ပင်စင်စားရဲ့ လုပ်သက်နဲ့ မြှောက်ရတယ်။ နောက် ပင်စင်ဖော်မြူလာတွက်တဲ့အတိုင်း ၇၀နဲ့ စားပါတယ်။ အဲဒါဟာ သူတို့ တိုးမယ့် ပိုက်ဆံပါ။ ဥပမာ ၃၅ နှစ်လုပ်သက် ၀န်ထမ်းဆိုရင် ၂ သောင်းနဲ့ ၃၅ မြှောက် ပြီးတော့ ၇၀နဲ့စားလိုက်ရင် သူဟာ ၁ သောင်း လစာတိုးမယ်။ ကျနော်တို့ ထုတ်ပြန်ပေးရမယ့် ပင်စင်စား ၅ သိန်းလောက်ရှိတာမှာ ဘဏ်တွေကို ၁ သိန်းပို့ပေးပြီးပြီ။ တနေ့ကို ၂ သောင်းနှုန်းနဲ့ စီမံချက်ချလုပ်ပေးနေတယ်။ ဒီလကုန်ပြီးတဲ့အခါမှာ ဧပြီလ လစာကို မေလ ၁၅-၂၀ ရက်လောက်အထိ ထုတ်ကြမှာပေါ့။ အဲမှာ တခါတည်းရသွားအောင် အခု ဆောင်ရွက်ပေးနေပါတယ်။”

ဦးသိန်းစိန် အစိုးရလက်ထက်မှာ တိုးမြှင့်ပေးခဲ့တဲ့ ပင်စင်လစာကြောင့် အရင်က ခရီးစရိတ်တောင် မရှိတဲ့ ငွေကြေးပမာဏကနေ အခုတော့ စားနိုင်သောက်နိုင်၊ အနည်းငယ် လှူဒါန်းလာနိုင်တဲ့အတွက် သာဓု ခေါ်ရမယ်လို့ ဘောဂဗေဒပညာရှင် စာရေးဆရာ အောင်ချိန်ဘွားက ပြောပါတယ်။

ဒါပေမယ့် ပင်စင်စားဝန်ထမ်းတချို့ဟာ ပင်စင်လစာကို ၂ မျိုး၊ ၃ မျိုး ခံစားနေတာတွေ ရှိနေပြီး ပြောင်းရ၊ ပြင်ရမယ့် ဥပဒေတွေ အများကြီး ရှိနေသေးတယ်လို့ သူက ထောက်ပြပါတယ်။

“အရင်ကတည်းက နိုင်ငံရေးပင်စင် ရခဲ့တာ ရှိတယ်။ တပ်ပင်စင်ဆိုတာရှိတယ်။ နောက် အရပ်ကိုပြောင်းလာတယ်၊ အရပ်ပင်စင်ပေါ့။ ပင်စင်က ၂-၃ မျိုးပေါ့။ ခေတ်ပြောင်းစနစ်ပြောင်းလာလို့ ပြောတယ်။ ဥပမာ တရုတ်ပြည်မှာဆိုရင် ပြုပြင်ပြောင်းလဲပြီဆိုရင် ၂ နှစ်အတွင်းမှာ ဥပဒေပေါင်း ၈၀၀ ကျော်ကို ပြုပြင်၊ အသစ်ပြဋ္ဌာန်းနိုင်ခဲ့တယ်။ အင်ဒိုနီးရှားမှာဆိုရင်လည်း ၂၀၀ လောက်ပြဋ္ဌာန်းနိုင်ခဲ့တယ်။ Reform ဆိုတာ မူဝါဒကို ပြုပြင်တာ၊ မူဝါဒပြုပြင်ရင် မူဝါဒ၊ ပေါ်လစီတွေနဲ့ In-Line ဖြစ်တဲ့ ဥပဒေတွေ ထုတ်ပြန်ရယတ်။ ဥပဒေထုတ်ပြန်တာနဲ့တပြိုင်နက် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်တွေက နောက်ကလိုက်လာရမယ်။ အဲလိုလုပ်နိုင်မှ ပြောင်းတာ။ အခုက အဲလိုမလုပ်နိုင်ဘူး။”

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဩဂုတ် ၁ ရက်မှာ ခေတ်အဆက်ဆက်က ပင်စင်စားတွေရဲ့လစာကို အခု နောက်ဆုံး ပင်စင်ယူသွားတဲ့ ၀န်ထမ်းတွေ ရရှိခံစားခွင့်ရမယ့် ပင်စင်လစာနဲ့ တန်းတူ  ခံစားခွင့်ပြုပြီး ပင်စင်လစာ တိုးပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013