မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၌ လေပြင်းတိုက်ပြီး လူဦးရေ ၇၀၀ ကျော် လေဘေးသင့်
DVB
·
April 22, 2020
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းက ကျေးရွာ ၁၀ ရွာလောက်မှာ ဧပြီ ၂၁ ရက် ညနေက လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် လူ ၇၀၀ ကျော် လေဘေးသင့်ပြီး နေအိမ်ခြေ ၁၈၆ လုံး ပျက်စီးသွားတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။
မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက “လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် အိမ်ထောင်စု ၁၈၆ စုနဲ့ လူဦးရေ ၇၀၀ ကျော် လေဘေးသင့်ခဲ့တာပါ။ ကျေးရွာတွေအနေနဲ့ အိမ်ဆောက်ပစ္စည်းဖိုးသာ အဓိက အကူအညီ တောင်းခံတဲ့အတွက် ဆန်ဖိုးငွေ မထောက်ပံ့တော့ဘဲ အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် ၆၅ သိန်းကျော် ထောက်ပံ့ပေးထားတယ်” လို့ ပြောပါတယ်။
မကွေးတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီ ၉ ရက်မှ ၁၇ ရက်နေ့ထိ မြို့နယ် ၉ မြို့နယ်မှာ လေပြင်းတိုက်ခတ်တာ ၁၁ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
လေဘေးကြောင့် လူနေအိမ် ၈ လုံး ပြိုကျပျက်စီးခဲ့ပြီး တစိတ်တပိုး ပျက်စီးခဲ့တဲ့ အိမ်ခြေပေါင်း ၂၇၅ လုံးနဲ့ ဘာသာရေး အဆောက်အအုံတခု ပျက်စီးခဲ့ပါတယ်။
လေဘေးသင့်ပြည်သူတွေအတွက် ဆန်ဖိုးငွေနဲ့ အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်း ကျပ် ၈၅ သိန်းကျော် ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။
မင်းထီး