Home
မြန်မာသတင်း
COVID-19 ကြောင့် အလုပ်လက်မဲ့ဖြစ်နေသည့် ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ လူမှုဖူလုံရေး ထောက်ပံ့ကြေးရယူရန် ခက်ခဲနေ 
နန်းမြနဒီ
·
April 21, 2020
ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ရောဂါ ကာကွယ်ဟန့်တားရေးအတွက် အစိုးရက အရေးပေါ်အခြေအနေ၊ ညမထွက်ရအမိန့်တွေ ထုတ်ထားပြီး လုပ်ငန်းတွေလည်း ပိတ်သိမ်းထားတာကြောင့် လူတွေ သန်းနဲ့ချီပြီး အလုပ်လက်မဲ့ ဖြစ်နေရပါတယ်။  အလုပ်လက်မဲ့ဖြစ်ရသူတွေအတွက် အစိုးရက ထိုင်းနိုင်ငံသားတွေဆိုရင် တဦးကို ဘတ် ၅၀၀၀ စီ ၃ လ ထောက်ပံ့ပေးနေပြီး ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ကတော့ လူမှုရေးအာမခံ လုပ်ထားတယ်ဆိုရင် သက်ဆိုင်ရာ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးတွေမှာ ထောက်ပံ့ကြေးတွေ ရယူနိုင်တယ်လို့ အစိုးရက ကြေညာထားပါတယ်။  အလုပ်ရှင်က လုပ်ငန်းတခုလုံး ဒါမှမဟုတ် တစိတ်တဒေသ ပိတ်သိမ်းလို့ အလုပ်လက်မဲ့ ဖြစ်ရသူတွေအနေနဲ့ မိမိလုပ်အားခရဲ့ ၇၀ ရာခိုင်နှုန်းကို အလုပ်သစ်မရခင်အထိ ဒါမှမဟုတ် ရက်ပေါင်း ၂၀၀ အထိ လူမှုဖူလှုံရေးဌာနကနေ အကျိုးခံစားခွင့်ရနိုင်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ် ။  အစိုးရရဲ့ COVID-19 အရေးပေါ်ကြေညာချက်ကြောင့် လုပ်ငန်းယာယီပိတ်သိမ်းလို့ အလုပ်လက်မဲ့ ဖြစ်ရသူတွေဆိုရင်တော့ မိမိလုပ်အားခရဲ့ ၆၂ ရာခိုင်နှုန်းကို ပုံမှန်အလုပ်ပြန်ဖွင့်တဲ့အထိ ဒါမှမဟုတ် ရက်ပေါင်း ၉၀ အထိ လူမှုဖူလှုံရေးဌာနကနေ အကျိုးခံစားခွင့်ရနိုင်တယ်လို့ ဆိုပါတယ်။ ရက်ပေါင်း ၉၀ ထက်ကျော်တဲ့အထိ COVID-19 ရောဂါ အခြေအနေ ပုံမှန်မဖြစ်သေးဘူး ဆိုရင်တော့ အလုပ်သမားဝန်ကြီးဌာနကနေပြီး အဆိုပါအလုပ်သမားတွေကို ထောက်ပံ့နိုင်ဖို့ စဉ်းစားသွားမယ်လို့ ဆိုပါတယ်။  အစိုးရ ကြေညာချက်ကြောင့် မဟုတ်ပေမယ့်လည်း အလုပ်ရှင်က COVID-19 ကာကွယ်ရေးအတွက် မိမိအလုပ်သမားတွေကို အလုပ်နားခိုင်းတယ်ဆိုရင် အဆိုပါအလုပ်သမားဟာ မိမိလုပ်အားခရဲ့ ၆၂ ရာခိုင်နှုန်းကို အလုပ်ပြန်ဆင်းရတဲ့အချိန်အထိ ရက်ပေါင်း ၉၀ ထက်မပိုတဲ့ ထောက်ပံ့ငွေကို လူမှုဖူလှုံရေးဌာနမှာ ထုတ်ယူခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။  အစိုးရက အခုလို ကြေညာထားပေမယ့်လည်း  ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ တကယ့်လက်တွေ့ သွားထုတ်ယူဖို့မှာတော့ အခက်အခဲတွေရှိနေတယ်လို့ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတွေက ပြောပါတယ်။  ရွှေ့ပြောင်းလုပ်သားအများစုဟာ ရုံးတွေ သွားရမှာနဲ့ ရုံးဝန်ထမ်းတွေနဲ့ သွားရောက်ဆက်ဆံရမှာကို ဝန်လေးလေ့ရှိပြီး ပြဿနာကို သူတို့ဘာသာ ဖြေရှင်းလေ့ရှိတယ်လို့  ချင်းမိုင်အခြေစိုက် မက်ပ်ဖောင်ဒေးရှင်း အလုပ်သမားကျန်းမာရေးနဲ့ ပညာပေးအစီအစဉ်မှ ထောင်န်းခမ်းက ဒီဗွီဘီကို ပြောပါတယ်။  “ကျနော်တို့ သိရသလောက်တော့ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက သန့်ရှင်းရေး အလုပ်သမား ကုမ္ပဏီမှာလုပ်တဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော် အလုပ်ပြုတ်သွားတယ်။ သူတို့ကို လူမှုဖူလှုံရေး လျော်ကြေးလျှောက်ဖို့ ပြောပေမယ့် တယောက်မှ မတောင်းကြဘူး၊ ရွှေ့ပြောင်း အလုပ်သမား တော်တော်များလည်း ရုံးတွေ ဘာတွေ သွားရမှာ ဝန်လေးတယ်၊ ထောက်ပံ့ကြေးက ချက်ချင်းတော့ မရဘူးပေါ့၊ အချက်အလက်တွေ ဖြည့်ပြီး လျှောက်ထားရတယ်။ လူတွေ့ ခေါ်စစ်သေးတယ်လေ။ အဲဒါ သူတို့ မသွားချင်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ စားဝတ်နေရေး ဖြေရှင်းတယ်တဲ့၊ တချို့လည်း အလုပ်သစ် ပြန်ရသွားပြီ” ချင်းမိုင်မှာ COVID-19 ကြောင့် အလုပ်ပြုတ်ရသူတွေကို ဖောင်ဒေးရှင်းအနေနဲ့ ထောက်ပံ့ကူညီဖို့ လောလောဆယ် အုပ်စုတွေခွဲပြီး ကွင်းဆင်းလူစာရင်းကောက်နေတာ ရာဂဏန်းရှိနေပြီလို့ သိရပါတယ်။  အလားတူ ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း HRDF မှ စိုင်းပိုင်းကလည်း ချင်းမိုင်အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံးမှာ ဝန်ထမ်း ၁ ဦး COVID-19 ကူးစက်ခံထားရတာကြောင့် ထောက်ပံ့ငွေ လျှောက်ထားဖို့ ကြိုးစားခဲ့ပေမယ့် မလွယ်ဘူးလို့ ပြောပါတယ်။  “အလုပ်သမားကာကွယ်ရေးရုံးက ဝန်ထမ်းကိုယ်တိုင် ကိုဗစ်ကူးစက်ခံရလို့ ရုံးပိတ်ထားတယ် ခင်ဗျ။ ထောက်ပံ့ကြေးရဖို့ အွန်လိုင်းကနေပဲ လျှောက်လို့ရတယ်။ ထောက်ပံ့ကြေးငွေကိုလည်း ဘဏ်ကနေပဲ လွှဲပေးမယ်လို့ ပြောတယ်ခင်ဗျ။ အဲဒါကြောင့် ထိုင်းစာလည်းမတတ်၊ အင်တာနက်လည်း မသုံးတတ်တဲ့ အောက်ခြေအလုပ်သမားတွေအတွက်က ရဖို့မလွယ်ပါဘူး။ လူရည်လည်တဲ့ အလုပ်သမားတွေလောက်ပဲ ရမှာပေါ့။ အမှန်က သူတို့အလုပ်ရှင်တွေက လုပ်ပေးရဖို့တာဝန် ရှိတယ်။  အလုပ်ရှင်တွေကလည်း အဲလောက်လိုက်လုပ်ပေးလေ့မရှိဘူး။ တချို့ဆို သူတို့ပါ အလုပ်သမားတွေကို နစ်နာကြေးပေးရမှာ ကြောက်နေတာ” မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ကလည်း သူတို့ကိုယ်တိုင် အပြင်ထွက်လို့မရလို့ အလုပ်သမားကူညီရေးကိစ္စတွေကို ထိထိရောက်ရောက် အကူအညီမပေးနိုင်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။  “အမှန်တော့ ဒီလူမှုဖူလှုံရေးအာမခံရဖို့ကိစ္စက အဆင့်တွေများတော့ အလုပ်သမားတွေကို ကိုယ်တိုင်ကိုယ်ကျသွားပြီး ရှင်းပြသင့်တာ။ ခါတိုင်းအခြေအနေဆိုရင် ကျနော်တို့က ကွင်းဆင်းပြီး အလုပ်သမားတွေနဲ့ တွေ့ဆုံတယ်၊ ပညာပေးတယ်၊ အခုလိုအချိန်ကျတော့ လူစုလူဝေးလည်း လုပ်ခွင့်မရှိ၊ ကျနော်တို့လည်း အပြင်ထွက်မရဘူးဆိုတော့ ဖုန်းနဲ့ပဲ ရှင်းပြရတာပေါ့။ ထောက်ပံ့ကြေး လျှောက်ထားဖို့က ထိုင်းစာ/အင်္ဂလိပ်စာနဲ့ ဖောင်တွေဖြည့်ရတယ်၊ အဲဒါလည်း ကျနော်တို့ အလုပ်သမားတွေမှာ အခက်အခဲရှိနေတာပါပဲ။” ထိုင်းရောက် မြန်မာလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်တဲ့ကိစ္စ မြန်မာသံရုံးအနေနဲ့ ကူညီဆောင်ရွက်ပေးတာ ရှိ၊ မရှိနဲ့ ပတ်သက်ပြီး အလုပ်သမားသံအရာရှိတွေကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။  ချင်းမိုင်မြန်မာကောင်စစ်ဝန်ရုံးကတော့ COVID-19 ဂယက်ကြောင့် အခက်အခဲဖြစ်နေရတဲ့ အခြေခံလူတန်းစားတွေကို ဝိုင်းဝန်းကူညီတဲ့အနေနဲ့ ယမန်နေ့က ဘတ်ငွေ ၂၂၀၀၀  ကျော်တန်ဖိုးရှိ စားနပ်ရိက္ခာခြောက်တွေကို ချင်းမိုင်ခရိုင်ဝန်ထံ သွားရောက်ပူးပေါင်းလှူဒါန်းခဲ့ပါတယ်။  ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ထိုင်းကြက်ခြေနီအဖွဲ့တို့ဟာလည်း ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်ကို မနေ့က သွားရောက်ပြီး အလုပ်သမားအရေး ဆောင်ရွက်နေတဲ့  LPN အဖွဲ့နဲ့ တွေ့ဆုံကာ COVID-19 ဂယက်ကြောင့် အခက်အခဲဖြစ်နေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီထောက်ပံ့ဖို့ စားနပ်ရိက္ခာနဲ့ အခြေခံအသုံးပစ္စည်းပါ ကယ်ဆယ်ရေးအိတ်ပေါင်း ၅၀၀ ကို ပေးအပ်ကူညီခဲ့ပါတယ်။  ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ တရားဝင်အနေနဲ့ရော တရားမဝင်အနေနဲ့ပါ ၃ သန်းကျော် ဝင်ရောက် လုပ်ကိုင်နေပြီး COVID-19 ကူးစက်ကာလမှာတော့ သောင်းနဲ့ချီတဲ့ မြန်မာလုပ်သားတွေ မြန်မာပြည်ကို ပြန်ဝင်လာကြပါတယ်။  သတင်း-MOL THAILAND/ CHIANGMAI NEWS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024