မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ဆေးကုသမှု ခံယူနေရ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ နှလုံးသွေးကြောဆိုင်ရာ ကုသမှုကို ဒီလ အစောပိုင်းမှာ ခံယူအပြီး ခုတော့ ဆက်ပြီး ကုသမှုခံယူနေတယ်လို့ တောင်ကိုရီးယား မီဒီယာက သတင်းထုတ်ပြန်ပါတယ်။ ကင်မ်ဟာ အဓိက နှစ်ပတ်လည်အခမ်းအနားကို မတက်ခဲ့တဲ့ နောက်ပိုင်းမှာ သူ့ကျန်းမာရေးအပေါ် မှန်းဆချက်အမျိုးမျိုး ထွက်ပေါ်နေတာပါ။ ကင်ဂျုံအန်းရဲ့ အဘိုး မြောက်ကိုရီးယားကို တည်ထောင်သူ ကင်မ်အီဆွန်းရဲ့ မွေးနေ့ ဧပြီ ၁၅ ရက်ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပြီး နှစ်ပတ်လည် အခမ်းအနား ကျင်းပလေ့ ရှိပေမယ့် ကင်ကတော့ အဲဒီပွဲကို မတက်ခဲ့ပါဘူး။ ဧပြီ ၁၂ ရက်မှာ ဆေးရုံတက် ကုသခံခဲ့တဲ့ ကင်ဟာ အရှေ့ဘက်ကမ်းရိုးတန်း ကမ်ဂံတောင် အပန်းဖြေစခန်းထဲက ကျေးလက်အိမ်မှာ အနားယူ နာလန်ထလာခဲ့တယ်လို့ Daily NK အင်တာနက် စာမျက်နှာက မြောက်ကိုရီးယား နိုင်ငံတွင်းက အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကား ဖော်ပြပါတယ်။ Daily NK အင်တာနက်စာမျက်နှာကို မြောက်ကိုရီးယားကနေ ထွက်ပြေး ဘက်ပြောင်းလာသူ အများစုက လုပ်ငန်းလည်ပတ်နေတာပါ။  ကင်ဟာ ဆေးလိပ်အလွန်သောက်ပြီး အဝလွန်တာနဲ့ အလုပ်အလွန်အကျွံ လုပ်တာတွေကြောင့် လတ်တလောလတွေအတွင်း ကျန်းမာရေး ယိုယွင်းလာခဲ့တယ်လို့ Daily NK က အစီရင်ခံခဲ့ပါတယ်။ ကင်မ်ဟာ ဧပြီ ၁၁ ရက်က လက်ရှိအာဏာရ လုပ်သားပါတီရဲ့ ပေါ်လစ်ဗျူရို အစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ဆေးရုံတက်ခဲ့တာလို့လည်း ဆိုပါတယ်။ မြောက်ကိုရီးယားဟာ အရင်အပတ်က တာတိုပစ် ဒုံးကျည်တွေ အတော်များများ ပစ်လွှတ်ခဲ့ပြီး ဒါဟာ ကင်မ်အီဆွန်း မွေးနေ့ပွဲ အစိတ်အပိုင်းလို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။ ဒါမျိုး စစ်ရေးပွဲစဉ်တွေကို ကင်က များသောအားဖြင့် ကြီးကြပ်လေ့ရှိပေမယ့် ဒီသတင်းကို မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNA က လုံးဝ မကြေညာခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up