Homeမြန်မာသတင်း
ပြည်မြို့တွင် COVID-19 လူနာသစ် ၂ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ စုစုပေါင်း ၁၁၉ ဦးအထိရှိလာ
ပြည်မြို့တွင် COVID-19 လူနာသစ် ၂ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ စုစုပေါင်း ၁၁၉ ဦးအထိရှိလာ
DVB
·
April 21, 2020
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၂ ဦးထပ်မံတွေ့ရှိရပြီး ဧပြီ ၂၀ ရက်ည ၁၁ နာရီအထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၁၁၉ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။
ပြည်မြို့မှာ COVID-19 အတည်ပြုလူနာနဲ့ထိတွေ့မှုရှိခဲ့တဲ့ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု quarantine ထားရှိတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး ၂ ဦးမှာ ဓာတ်ခွဲစမ်းသပ် ရောဂါတွေ့ရှိခဲ့တာပါ။
အဆိုပါ လူနာသစ် ၂ ဦးကို သက်ဆိုင်ရာဆေးရုံတွေကို လွှဲပြောင်းပြီး သီးခြားထားရှိကုသမှု ပေးသွားမယ်လို့လည်း သိရပါတယ်။
ဧပြီ ၂၀ ရက်က COVID-19 ရောဂါအတွက် လူပေါင်း ၄၀၀ ကျော်ကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ ပထမအသုတ် လူနာသစ် ၆ ဦးနဲ့ ဒုတိယအသုတ်မှာ လူနာသစ် ၂ ဦး စုစုပေါင်း ၈ ဦးတွေ့ရှိခဲ့ပါတယ်။
ပထမအသုတ်မှာတွေ့ရှိတဲ့ လူနာသစ် ၆ ဦးကတော့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က အမျိုးသား ၃ ဦးနဲ့ ၁၀ နှစ်အရွယ် မိန်းကလေးငယ်တဦး၊ ချင်းပြည်နယ် တီးတိန်မြို့နယ်က အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်က အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတဦးတို့ ဖြစ်ကြပါတယ်။
ဧပြီ ၂၀ ရက် ည ၁၁ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၁၉ ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၅ ဦးရှိပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာတွေထဲက ရောဂါပိုးကင်းစင်သူ ၉ ဦးရှိပြီး ဆေးရုံကဆင်းသူ စုစုပေါင်း ၆ ဦးရှိတယ်လို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- MOHS