ပြည်မြို့တွင်  COVID-19 လူနာသစ် ၂ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ စုစုပေါင်း ၁၁၉ ဦးအထိရှိလာ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၂ ဦးထပ်မံတွေ့ရှိရပြီး  ဧပြီ ၂၀ ရက်ည ၁၁ နာရီအထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း  ၁၁၉ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။  ပြည်မြို့မှာ  COVID-19 အတည်ပြုလူနာနဲ့ထိတွေ့မှုရှိခဲ့တဲ့ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု quarantine ထားရှိတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး  ၂ ဦးမှာ ဓာတ်ခွဲစမ်းသပ် ရောဂါတွေ့ရှိခဲ့တာပါ။  အဆိုပါ လူနာသစ် ၂  ဦးကို သက်ဆိုင်ရာဆေးရုံတွေကို လွှဲပြောင်းပြီး သီးခြားထားရှိကုသမှု ပေးသွားမယ်လို့လည်း သိရပါတယ်။ ဧပြီ ၂၀ ရက်က COVID-19 ရောဂါအတွက် လူပေါင်း ၄၀၀ ကျော်ကို  ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ ပထမအသုတ် လူနာသစ် ၆ ဦးနဲ့ ဒုတိယအသုတ်မှာ လူနာသစ် ၂ ဦး  စုစုပေါင်း ၈ ဦးတွေ့ရှိခဲ့ပါတယ်။ ပထမအသုတ်မှာတွေ့ရှိတဲ့ လူနာသစ် ၆  ဦးကတော့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က အမျိုးသား ၃ ဦးနဲ့ ၁၀ နှစ်အရွယ် မိန်းကလေးငယ်တဦး၊ ချင်းပြည်နယ် တီးတိန်မြို့နယ်က အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့  ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်က အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတဦးတို့ ဖြစ်ကြပါတယ်။  ဧပြီ ၂၀ ရက် ည ၁၁ နာရီအထိ မြန်မာနိုင်ငံမှာ  COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၁၉ ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၅ ဦးရှိပါတယ်။  ဓာတ်ခွဲအတည်ပြုလူနာတွေထဲက  ရောဂါပိုးကင်းစင်သူ ၉ ဦးရှိပြီး ဆေးရုံကဆင်းသူ စုစုပေါင်း  ၆ ဦးရှိတယ်လို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ ဓာတ်ပုံ- MOHS

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up