DVB Logo
Home
ဆောင်းပါး
၂ နှစ်သား အစိုးရကနေ ပြည်သူတွေ ဘာရလိုက်သလဲ
DVB
·
April 11, 2013
၂ နှစ်သား အစိုးရကနေ ပြည်သူတွေ ဘာရလိုက်သလဲ
Donate to DVB

အခုဆိုရင် စစ်အာဏာရှင်တွေဆီကနေ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားတပိုင်း အစိုးရ အာဏာလွှဲပြောင်း တာဝန်ယူခဲ့တာ ၂ နှစ် ရှိခဲ့ပါပြီ။ ဒီ ၂ နှစ်တာ ကာလအတွင်း ပြည်သူတွေဘ၀ ဘာတွေ ပြောင်းလဲလာပြီလဲ၊ ပြောင်းလဲသင့်သလောက် ပြောင်းလဲခဲ့ရဲ့လား ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ပြည်သူတွေအတွက် အရေးအကြီးဆုံး လိုအပ်နေတာကတော့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ထိုက်သင့်တဲ့ လုပ်ခ လစာရရေးပါ။ အစိုးရသစ်အနေနဲ့ ဒီ ၂ နှစ်အတွင်း တိုင်းပြည်ကို နိုင်ငံရေးအရ အပြောင်းအလဲ လုပ်တာ၊ တဆက်တည်း စီးပွားရေးပေါ်လစီ ပြောင်းပြီး နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု ရဖို့ ဥပဒေ ရေးဆွဲတာနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်။ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုတွေ မယ်မယ်ရရ ၀င်မလာသေးသလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း များများစားစား ပေါ်ပေါက်မလာသေးပါဘူး။ ဒီအတွက် နိုင်ငံရပ်ခြား ထွက်ပြီး ကြုံရာကျပန်း လုပ်ကိုင်ရတဲ့ သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမား ဦးရေဟာလည်း ဒီနေ့အချိန်ထိ လျော့ကျလာတာ မတွေ့မြင်ရသေးပါဘူး။

ပြည်သူတွေအတွက် နောက်ထပ် အရေးကြီးတာ တခုကတော့ လွတ်လပ်ခွင့်ပါ။ ဒီ ၂ နှစ်အတွင်း မြို့နေလူတန်းစားတွေအဖို့ လွတ်လပ်ခွင့် တစုံတရာ ရလာတယ်လို့ ပြောနိုင်ပါတယ်။ လွတ်လပ်စွာ ရေးသားခွင့် အထိုက်အလျောက် ရလာသလို လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ ကလေးစစ်သား စုဆောင်းခံရတာတွေ လျော့နည်းလာတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့်လည်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်မက်ဖြစ်ပွားနေတာ မရပ်စဲနိုင်သေးတဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် အရေအတွက် တိုးပွားလာပြီး အဲဒီ ဒေသတွေမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေဆဲပဲ ရှိပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူတွေကို နိုင်ငံသား မှတ်ပုံတင် လုပ်ပေးနေတာ၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရာမှာ ဖြေလျော့မှုတွေ လုပ်ပေးနေတာတွေ ရှိနေတဲ့အတွက် အရင် စစ်အာဏာရှင်ခေတ်ကနဲ့ စာရင် လွတ်လပ်ခွင့် အထိုက်အလျောက် ရလာတယ်လို့တော့ ပြောနိုင်ပါတယ်။

နိုင်ငံ့လူဦးရေ အများဆုံး လယ်သမားထုကြီးအတွက်လည်း တိုးတက်မှု ရှိသင့်သလောက် မရှိသေးတာ တွေ့နိုင်ပါတယ်။ စစ်အစိုးရလက်ထက်က မတရား အသိမ်းခံထားရတဲ့ လယ်ယာတွေ နည်းနည်းပါးပါး ပြန်ရပေမယ့် ဒီဖြစ်စဉ်ကတော့ နှေးကွေးနေပါသေးတယ်။ ဘဏ်ချေးငွေ ၁ ဧက ကျပ် ၁ သိန်းအထိ တိုးမြှင့်ရလာပေမယ့်လည်း ဓာတ်မြေဩဇာလို၊ ပိုးသတ်ဆေးလိုမျိုးကို ဈေးနှုန်း သက်သက်သာသာနဲ့ ၀ယ်နိုင်အောင်၊ ဆန်စပါးဈေး သင့်တော်တဲ့နှုန်းထားရအောင် ဖန်တီးပေးတာ အပါအ၀င် အခြားလိုအပ်ချက်တွေ ဖြည့်ဆည်းပေးရာမှာလည်း လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။

ပြည်သူတွေရဲ့ နောက်ထပ် အရေးတကြီးလိုအပ်ချက်ကတော့ လျှပ်စစ်မီးပါ။ မြန်မာနိုင်ငံ ကျေးလက် အများစုဟာ လျှပ်စစ်မီး လုံးဝ မရကြပါဘူး။ တိုင်းနဲ့ ပြည်နယ် တချို့မှာ ပုဂ္ဂလိက မီးပေးစက်တွေပဲ ရှိပြီး လျှပ်စစ်မီး သုံးစွဲခဟာ ရန်ကုန်က ပြည်သူတွေထက် ၆ ဆ ကနေ ၁၀ ဆ အထိ အကုန်ခံနေကြရဆဲ ဖြစ်ပါတယ်။ လျှပ်စစ်မီးပြဿနာကတော့ အရင် စစ်အာဏာရှင်တွေ လုပ်သွားသမျှ အဆိုးဆုံး ပြဿနာတွေထဲက တခု ဖြစ်ပါတယ်။ ရေအားကနေ လျှပ်စစ်ဓာတ်ထုတ်ယူဖို့ နိုင်ငံမှာ အရင်းနှီး မရှိသလို တူးဖော်ပြီး၊ တူးဖော်ဆဲ သဘာဝ ဓာတ်ငွေ့တွေ ဆိုရင်လည်း မျှတမှုမရှိတဲ့ စာချုပ်တွေအောက်မှာ နိုင်ငံအတွက် သုံးစရာ မရှိသလောက် နည်းပါးနေပါတယ်။ ဒါကြောင့် လျှပ်စစ်မီး လုံလောက်ဖို့ ပြဿနာကတော့ နောင်လာမယ့် ၁၀ နှစ်အတွင်း ပြေလည်စရာ မရှိသေးဘူးလို့ သက်ဆိုင်ရာ ၀န်ကြီးတွေကရော ပညာရှင်တွေကပါ ထောက်ပြနေကြပါတယ်။

နိုင်ငံတကာ ပြည်သူတွေအတွက် စကားထဲ ထည့်ပြောဖို့တောင်မလိုတဲ့ မိုဘိုင်းဖုန်း အသုံးပြုနိုင်ရေး ကိစ္စကတော့ သမ္မတ ကိုယ်တိုင်ဝင်ပါပြီး ဖြေရှင်းလိုက်တဲ့အတွက် လမ်းမှန်ပေါ် ရောက်သွားပြီး ၁ နှစ်တာ ကာလလောက်ဆို ပြေလည်သွားနိုင်စရာ ရှိနေပါတယ်။ နိုင်ငံသားတွေ ကားပိုင်ဆိုင် အသုံးပြုနိုင်ရေးနဲ့ ပတ်သက်လို့ အရင် စစ်အာဏာရှင်တွေ လက်ထက်တုန်းကလို မတရား ပိတ်ဆို့ထားတာ မရှိပေမယ့် မှန်ကန်တဲ့ ပေါ်လစီတော့ မချမှတ်နိုင်သေးပါဘူး။ ဒီအတွက် ရန်ကုန် တမြို့တည်းလောက်မှာပဲ အိမ်စီးကားငယ်တွေနဲ့ ယာဉ်ကြောကြပ်နေတာ တွေ့နေရပေမယ့် နယ်မြို့က ပြည်သူတွေ ကားမ၀ယ်နိုင်သေးတာ၊ မြို့ပြကလူတွေ ဘတ်စ်ကား တိုးဝှေ့စီးနေရတာတွေကတော့ မပြောင်းမလဲ ရှိနေဆဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲ လမ်းပန်းဆက်သွယ်ရေး ပြဿနာကတော့ တိုင်းပြည်ငြိမ်းချမ်း၊ အခွန်အတုတ်တွေ များများကောက်နိုင်၊ နိုင်ငံတကာ အထောက်အပံ့တွေ များများရ မှသာ လမ်းတံတား များများဖောက်ပြီး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလာမှာ ဖြစ်ပါတယ်။

ပြည်သူတွေအတွက် နောက်ထပ် လိုအပ်တာကတော့ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ပညာရေးမြှင့်တင်မှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စိတ်ပါလက်ပါ ၀င်ရောက် လုပ်ကိုင်နေပေမယ့်လည်း စစ်အစိုးရ အဆက်ဆက် နှစ်ပေါင်းများစွာ ဖျက်ဆီးထားခဲ့တာ ဖြစ်လေတော့ ၅ နှစ် ၁၀ နှစ်အတွင်း ပြေလည်သွားစရာ မမြင်နိုင်သေးပါဘူး။

ခြုံပြီးပြောရရင်တော့ သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်း ၂ နှစ်အတွင်း ပြည်သူတွေရဲ့ ဘ၀ ကောင်းမွန်တဲ့ဘက်ကို ရှေးရှုလာပေမယ့် တိုးတက် ပြောင်းလဲသင့်သလောက် ပြောင်းလဲမလာသေးဘူးလို့တော့ သုံးသပ်နိုင်ကြောင်းပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013