DVB Logo
Home
မြန်မာသတင်း
ခေတ်ပေါ်ဒီဇိုင်းဖြင့် ဆင်နွှဲမည့် အတာသင်္ကြန်
DVB
·
April 10, 2013
ခေတ်ပေါ်ဒီဇိုင်းဖြင့် ဆင်နွှဲမည့် အတာသင်္ကြန်
Donate to DVB

[caption id="attachment_24150" align="alignright" width="300" caption="၂၀၁၂ မဟာသင်္ကြန်ပွဲတော်- ရန်ကုန်"][/caption]

၂၀၁၃ ခုနှစ် ရန်ကုန်မြို့ မဟာသင်္ကြန်ပွဲတော်မှာ ၀တ်ဆင်ဖို့ လူငယ်တွေဟာ ဖက်ရှင်ပုံစံတွေ ပြင်ဆင်နေကြပါတယ်။

ရန်ကုန်မြို့က လူငယ်တဦးဖြစ်တဲ့ မသီရီထွန်းက “ဒီနှစ်သင်္ကြန်မှာ တခေါင်းလုံးကို ကျစ်ဆံမြီးကျစ်လေးတွေတပ်ပြီး အလှဆင်မယ်။ အ၀တ်အစားကတော့ လုံလုံခြုံခြုံနဲ့ခေတ်မီတဲ့ ဒီဇိုင်းမျိုးကိုပဲဝတ်ဖြစ်မှာပါ” လို့ ပြောပါတယ်။

သင်္ကြန်မှာ ၀တ်ဆင်မှုနဲ့ပတ်သက်ပြီး လူငယ်တဦးဖြစ်တဲ့ ကိုဇော်ဇော်မိုးက “ဖက်ရှင်နဲ့ပတ်သက်လို့ ၀တ်မယ့် အင်္ကျီကိုတော့ ပလာဇာကနေ ၀ယ်ထားပြီးပြီ။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဒီဇိုင်းပဲ ၀တ်ဖြစ်မှာပါ” လို့ ပြောပါတယ်။

အရင်နှစ် သင်္ကြန်တွေမှာတော့ လူငယ်တွေက မိမိတို့ ကြိုက်နှစ်သက်ရာ ဂီတအမျိုးအစားတွေပေါ် မူတည်ပြီး အ၀တ်အစားဖက်ရှင်တွေကို ၀တ်ဆင်လေ့ရှိပေမယ့်

ဒီနှစ်မှာတော့ ဖန်စီပုံစံအ၀တ်အစား ဒီဇိုင်းတွေကို ပိုမိုကြိုက်နှစ်သက်နေတယ်လို့ သိရပါတယ်။

ဒီနှစ်သင်္ကြန်မှာ အရောင်းသွက်နေတဲ့ ဖက်ရှင်ပုံစံတွေနဲ့ ပတ်သက်ပြီး K&K Fashion ဆိုင်ရဲ့ ကိုအောင်အောင်က “ဒီနှစ်သင်္ကြန်မှာ လူငယ်တော်တော်များများက အရောင်လေးတွေနဲ့ အလန်းလေးတွေ ၀တ်တယ်။ အရောင်လေးတွေနဲ့ အတိုလေးတွေ၊ အရောင်လေးတွေနဲ့ ကုတ်တွေ ပုံစံအဆန်းလေးတွေ ၀တ်ကြတယ်။ သင်္ကြန်ကာလမှာ အပေါ်အပွနဲ့ အောက်အကျပ်၊ ဖိနပ်ကြီးကြီးနဲ့ အရောင်လှလှလေးတွေပေါ့” လို့ ပြောပါတယ်။

သင်္ကြန် အချိန်အခါမှာ တနှစ်နဲ့တနှစ်မတူအောင် ပြောင်းလဲနေတဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာလည်း လူငယ်တွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍအဖြစ်နဲ့ နေရာယူထားပါတယ်။

အခုနှစ်အတာသင်္ကြန်မှာ ရန်ကုန်မြို့တော်အတွင်း ရေကစားမဏ္ဍပ် ၃၇ ခုကို မြို့တော်စည်ပင်က ခွင့်ပြုထားတယ်လို့ သိရပါတယ်။

မြန်မာရိုးရာသင်္ကြန်ရဲ့ အနှစ်သာရဖြစ်တဲ့ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းဖို့၊ သရုပ်ပျက် ယဉ်ကျေးမှုကို ရှောင်ကြဉ်ဖို့၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ မြန်မာယဉ်ကျေးမှု အတာသင်္ကြန်ကို မြှင့်တင့်ထိန်းသိမ်း စောင့်ရှောက်ရမယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အထူးသတိပြုချက်အဖြစ် အတာသင်္ကြန်အတွင်း ညစ်နွမ်းစေမယ့် အပြုအမူ နှစ်ရပ် ဖြစ်တဲ့ သရုပ်ပျက်ယဉ်ကျေးမှုနဲ့ မူးယစ်သောက်စားမှုတို့ဟာ မြန်မာရိုးရာ ယဉ်ကျေးမှုသင်္ကြန်ကို အကျည်းတန် အရုပ်ဆိုးစေတဲ့အတွက် ရှောင်ကြဉ်ကြဖို့လည်း နှိုးဆော်ထားပါတယ်။

သင်္ကြန်အတွင်း ရေကစားမယ့်သူတွေအနေနဲ့ ခွေးလှေးယားသီးရဲ့အရည်၊ ရေခဲတုံးအသေး၊ အက်စစ်၊ မသန့်ရှင်းတဲ့ရေ၊ သစ်တိုသစ်စနဲ့ ခဲ အပါအ၀င် လူကို ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အရာဝတ္ထုတခုခု ရောပြီး ရေလောင်းရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉ (က) အရ တရားစွဲဆိုသွားမယ်လို့ အစိုးရက ကြေညာထားပါတယ်။

ဒီဥပဒေအရ ကျူးလွန်သူကို ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ဒဏ်ငွေ ၅ သောင်းဖြစ်စေ၊ ဒါမှမဟုတ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013