DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအရေးဆောင်ရွက်သူကို တရားစွဲဆိုထားမှု ကန့်ကွက်
DVB
·
April 10, 2013
အလုပ်သမားအရေးဆောင်ရွက်သူကို တရားစွဲဆိုထားမှု ကန့်ကွက်
Donate to DVB

ထိုင်းစက်ရုံတခုမှာ မြန်မာအလုပ်သမားတွေအပေါ် အလုပ်ရှင်တွေက အခွင့်အရေး ချိုးဖောက်တာတွေ စုံစမ်းမေးမြန်းပြီး ဖော်ထုတ်တင်ပြခဲ့တဲ့ အလုပ်သမားရေး လှုပ်ရှားသူတဦးကို စက်ရုံက အသေရေဖျက်မှုနဲ့ တရားစွဲဆိုထားတဲ့အပေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ကန့်ကွက်လိုက်ပါတယ်။

ထိုင်းနိုင်ငံ ပရကျူပ် ခီရိခန် (Prachaub Kirikhan) ခရိုင်က မြန်မာ့အလုပ်သမားတွေ အများစု လုပ်ကိုင်တဲ့ သစ်သီးစည်သွပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ လုပ်အားခ အပြည့်အ၀ မရရှိတာတွေ၊ ဆိုးဝါးတဲ့ အခြေအနေ ရှိနေတယ်လို့ ဖင်လန်က အစိုးရမဟုတ်တဲ့အဖွဲ့တဖွဲ့နဲ့ မစ္စတာ အန်ဒီဟောလ်က စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။

[caption id="attachment_38354" align="alignright" width="300" caption="Andy Hall (Photo-Andrew Chant)"][/caption]

မှားယွင်းတဲ့သတင်းတွေကို  မီဒီယာမှာ ဖော်ပြတာဟာ ကုမ္ပဏီကို နာမည်ပျက်စေတယ်ဆိုပြီး နေချာလ် (Natural) သစ်သီး ကုမ္ပဏီက ဖေဖော်ဝါရီလမှာ တရားစွဲခဲ့ပြီး ဧပြီ ၁၁ ရက်နေ့ ဘန်ကောက် တောင်ပိုင်း တရားရုံးမှာ တရားရင်ဆိုင်ဖို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုစွဲဆိုလိုက်တာဟာ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ အန်ဒီဟောလ် (Andy Hall) ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိခိုက်သလို ထိုင်းက ကုမ္ပဏီတွေရဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာကို စုံစမ်းမှုအပေါ် သက်ရောက်မှု ရှိမယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်ချက်မှာ ရေးပါတယ်။

HRW ရဲ့ အာရှညွှန်ကြားရေးမှူး ဘရက်အဒမ်ကလည်း အန်ဒီဟောလ်အပေါ် စွဲဆိုချက်တွေဟာ ထိုင်း ထိပ်တန်း သစ်သီးနဲ့ပတ်သက်တဲ့ စားစရာကို ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ မတော်မတရား လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲတဲ့ သတင်းတွေကို တားမြစ်ဖို့ ကြိုးစားတဲ့ ထင်ဟပ်ချက်တခု ဖြစ်တယ်လို့ ပြောပါတယ်။

သက်သေအထောက်အထား အပြည့်အစုံရှိသလို အထောက်အထားအားလုံး ထိုင်းဘာသာနဲ့ ပြန်ဆိုထားပြီး တရားစွဲဆိုတာကို ရင်ဆိုင်သွားမယ်လို့ အန်ဒီဟောလ်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဆီမှာ ဒီဗွီဒီ၊ ဗွီဒီယို၊ အင်တာဗျူးအသံဖိုင်၊ အထောက်အထားတွေ၊ ဓာတ်ပုံ၊ အလုပ်သမားတွေရဲ့ မှတ်ပုံတင်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒါတွေဟာ ထိုင်းဘာသာနဲ့ မဟုတ်ပါဘူး။ အခုတော့ အားလုံးကို ထိုင်းဘာသာနဲ့ ပြန်ထားပြီးပါပြီ။ ဘာသာပြန်တာနဲ့ ရှေ့နေအဖွဲ့အတွက် အချိန်အများကြီး သုံးခဲ့ရတယ်။”

ဒီအမှုကို အသုံးပြုပြီးတော့ ထိုင်းက အကျင့်ပျက်ခြစားတာတွေ၊ မတော်မတရားလုပ်တာတွေကိုလည်း ထုတ်ဖော်သွားမယ်လို့ သူက ပြောပါတယ်။

အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရင်တော့ အန်ဒီဟောလ်က ထောင်ဒဏ် ၂ နှစ်ကျခံရမှာ ဖြစ်သလို ဘတ်သန်း ၃၀၀ လည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ထိုင်းကနေ နိုင်ငံရပ်ခြားကို တင်ပို့တဲ့ ပုစွန်၊ ငါးနဲ့ သစ်သီး ကုမ္ပဏီတွေဟာ အခြေခံ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေကို ချိုးဖောက်တာတွေရှိနေပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို ဥပဒေ အကာအကွယ်က အနည်းငယ်ပဲ ရရှိတယ်လို့ HRW က ပြောပါတယ်။

ထိုင်းမှာ အလုပ်သမားတွေအတွက် တရားဝင် အထောက်အထားတွေ လုပ်ဆောင်ပြီးတော့ နိုင်ငံသားစိစစ်ရေးတွေ လုပ်ဆောင်နေပေမယ့် အလုပ်ရှင်တွေရဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုအတွက် အနည်းငယ်ပဲ ဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းရှိပြီး ၁ ဒဿမ ၂ သန်းက တရားဝင် အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ ၃ သိန်းလောက်က နိုင်ငံသား စိစစ်တာ မလုပ်ဆောင်ရသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013