ဧရာဝတီတိုင်းတွင် COVID-19 နှင့်ပတ်သက်၍ အရေးယူထားသည် အမှု ၁၄ မှုရှိ
DVB
·
April 20, 2020
ဧရာဝတီတိုင်းအတွင်း ဧပြီ ၁၈ ရက်နေ့အထိ COVID-19 နဲ့ ဆက်စပ်ပြီးဖြစ်ပေါ်ခဲ့တဲ့ အမှုပေါင်း ၁၄ မှု ဖြစ်ပွားခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးထွန်းရွှေက ဒီဗွီဘီကို ပြောပါတယ်။
“ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့ ဆက်စပ်ပြီးဖြစ်တဲ့ အမှုအခင်းတွေပေါ့။ ကျနော်တို့ ဧရာဝတီတိုင်းထဲမှာ ဒီနေ့အထိ ၁၄ မှု ရှိသွားပြီ။”
အမှု ၁၄ မှုမှာ ငြိမ်းစုစီ ၁ မှု၊ ရာဇသတ်ကြီးဥပဒေ ၂ မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ ၆ မှု၊ ကူးစက်ရောဂါတားဆီးနှိမ်နင်းရေးဥပဒေနဲ့ တရားရုံး ဦးတိုက်လျှောက်ထားမှု ၂ မှုနဲ့ ဆက်သွယ်ရေးဥပဒေ ၆၈(က) နဲ့ ၃ မှုတို့ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဟင်္သာတခရိုင်မှာ ၇ မှု၊ ပုသိမ်ခရိုင်မှာ ၂ မှု၊ မြောင်းမြခရိုင်မှာ ၂ မှု၊ မအူပင်ခရိုင်မှာ ၂ မှုနဲ့ လပွတ္တာခရိုင်မှာ ၁ မှု ဖြစ်ပွားခဲ့တယ်လို့ ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း COVID-19 နဲ့ ဖြစ်ပွားခဲ့တဲ့အမှုတွေမှာ တရားရုံးက အမိန့်ချမှတ်ပြီး ၈ မှုရရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာ ညဘက်ပိုင်း လှည့်ကင်းတွေ၊ ဝပ်ကင်းတွေ၊ ရပ်ကင်းတွေနဲ့ ခိုးဆိုးလုယက်မှုတွေ မဖြစ်ပေါ်စေဖို့ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။