တံတားဦးတွင် ကြက်မွေးမြူရေးကုမ္ပဏီနှင့် ဒေသခံများ ပြေလည်မှုမရသေး
DVB
·
April 10, 2013
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ထနောင်းကိုင်းကျေးရွာမှာ ကြက်မွေးမြူရေးလုပ်ငန်းကို မကျေနပ်တဲ့ ဒေသခံနဲ့ ကုမ္ပဏီတို့ ဆွေးနွေးမှုတွေလုပ်ခဲ့ပေမယ့်လည်း အဆင်မပြေဖြစ်နေပါတယ်။
မြတ်မင်းကုမ္ပဏီပိုင် ကြက်ခြံနဲ့ ထနောင်းကိုင်းကျေးရွာသားတွေရဲ့ အဆင်မပြေဖြစ်နေမှုတွေကို မနှစ်ကတည်းက အဆင့်ဆင့် တိုင်ကြားထားပေမယ့် မထူးခြားတဲ့အတွက် စစ်ကိုင်းတိုင်းဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့က ဒေါက်တာ ဦးကိုကိုလေးတို့ ဦးဆောင်ပြီး ရွာသူရွာသားတွေနဲ့ မြတ်မင်းကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူတွေကို ဧပြီလ ၃ ရက်နေ့က တွေ့ဆုံ ညှိနှိုင်းပေးခဲ့တာပါ။
မြတ်မင်းကုမ္ပဏီ မွေးမြူရေးခြံ မန်နေဂျာက “ကျနော်တို့က ဒုအထွေထွေ မန်နေဂျာ ဖြစ်တဲ့အတွက် ရှင်းပြလို့ရတာတွေ ရွာသားအားလုံးကို ရှင်းပြပေးမယ်။ ရှင်းပြလို့မရတဲ့ ကိစ္စမျိုးကို ကျနော်တို့ မသိတာမျိုးတွေကို ပြန်ပြီးတော့ မေးရမယ်။ ပြီးရင်ဒေါက်တာ ကိုကိုလေးတို့နဲ့ ပြန်ပြီး ရှင်းပေးပါ့မယ်။”
မြတ်မင်းကုမ္ပဏီရဲ့ ကြက်မွေးမြူရေးခြံက ကြက်ချေးတွေကြောင့် ယင်ကောင်တွေ အများကြီး ရောက်လာပြီး ရွာသူရွာသားတွေ ထမင်းစားရာမှာ ခြင်ထောင်ထောင်ပြီး စားသောက်နေကြရကြောင်း ကျေးရွာသားတွေရဲ့ ပြောဆိုချက်ကိုလည်း ကုမ္ပဏီဘက်က ကျန်းမာရေးစစ်ဆေးချက်နဲ့ လုပ်ဆောင်ခဲ့တာလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
မွေးမြူရေးခြံမန်နေဂျာက “ကျနော်တို့ ကြက်ခြံဟာ နိုင်ငံတကာအဆင့်မီ မွေးမြူရေးခြံတခု ဖြစ်ပါတယ်။ ဒီကြက်ခြံမှာဆိုရင် ပိုးမွှားအန္တရာယ် ကာကွယ်ဖို့၊ ပိုးမွှားမပြန့်ဖို့ ဆိုတာ ကျနော်တို့ အထူးဂရုစိုက်ရတဲ့ ကိစ္စပါ။ အဲတော့ ကျနော်တို့က ကြက်ခြံထဲမှာ ပိုးမွှားအန္တရာယ်မရှိအောင် အမြဲတမ်း ဆေးဖြန်းတဲ့ လုပ်ငန်းတို့၊ သန့်ရှင်းရေးလုပ်ငန်းတို့ အမြဲတမ်းလုပ်ရပါတယ်။ ကျနော်တို့မှာ ကြက်သေတွေရှိရင်လည်း အပြင်ကို ထုတ်ရောင်းခွင့်မရှိပါဘူး။ အဲဒါတွေကို မြှုပ်တဲ့ ဂူဆိုတာ သီးသန့်ရှိပါတယ်။ အဲဒီထဲမှာ မြေမြှုပ်ပါတယ်။ ကြက်ခြံထဲမှာ အနံ့အသက်မရှိအောင် လုပ်ပေးထားခြင်းဖြစ်ပါတယ်”
အဲဒီကြက်မွေးမြူရေး လာရောက်လုပ်ကိုင်တဲ့ မြေယာတွေဟာ အရင်တုန်းက ဆပ်ပြာကြမ်းထွက်တဲ့ မြေဖြစ်လို့ ထနောင်းကိုင်းကျေးရွာသားတွေ ဆပ်ပြာကြမ်းလုပ်ပြီး စီးပွားရှာခဲ့ကြပါတယ်။
အခု အဲဒီမြေတွေပေါ်မှာ အစိုးရခွင့်ပြုချက်နဲ့ ကြက်မွေးမြူရေး လုပ်ကိုင်ခဲ့တာကြောင့် ကျေးရွာသားတွေအတွက် ရေကောင်းရေသန့်လည်း မရရှိတော့တဲ့အပြင် ကျန်းမာရေး အပါအ၀င် စီးပွားရေးလည်း ထိခိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထနောင်းကိုင်း ရွာသူတဦးက “မြတ်မင်းကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခြင်းဟာ ကုမ္ပဏီအကျိုးတခုပဲ ဖြစ်ပါတယ်။ ကျမတို့ ရွာသူရွာသားတွေသာ ပြန်ရမယ်ဆိုရင် တရွာလုံး အလုပ်အကိုင် အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ သမ္မတကြီးအနေနဲ့ ဆင်းရဲမွဲတေမှုကို တကယ်လျှော့ချချင်တယ်ဆိုရင် ကျမတို့ ရွာသူရွာသားတွေ ပိုင်တဲ့ ဒီမြေကို ပြန်လိုချင်ပါတယ်လို့ ကျမအနေနဲ့ ပြောကြားလိုပါတယ်။”
တွေ့ဆုံညှိနှိုင်းအပြီးမှာ မြတ်မင်းကုမ္ပဏီဘက်က ကြက်ခြံထဲက ထွက်တဲ့ရေတွေကြောင့် ရွာက တိရစ္ဆာန်တွေသောက်မိပြီး သေတယ်ဆိုတဲ့အတွက် ရေကို အန္တရာယ်ကင်းကင်း သောက်သုံးနိုင်ဖို့အတွက် စီစဉ်ပေးမယ်လို့ ပြောပါတယ်။
ဒါပေမယ့် ရွာသူရွာသားတွေ တောင်းဆိုတဲ့ ကြက်ခြံကို ဖျက်သိမ်းပြီး ပြန်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလို ဆပ်ပြာကြမ်းမြေကို ပြန်လည်ပေးဖို့ဆိုတာလည်း ၂၀၁၀ ခုနှစ် ကတည်းက အစိုးရခွင့်ပြုမိန့်နဲ့ လုပ်ကိုင်ခဲ့တာဖြစ်လို့ မလိုက်လျောနိုင်ကြောင်း ပြောပါတယ်။ အဲဒီကြက်ခြံဟာ အကျယ်အ၀န်း ၃၅ ဧကရှိပါတယ်။ Read more
