ဟုမ္မလင်းတွင် တပ်မတော်နှင့် ရှမ်းနီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်
DVB
·
April 18, 2020

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နန့်တောစံပြကျေးရွာအုပ်စုနယ်မြေအတွင်းက ချောင်းကြီးဒေသမှာ တပ်မတော်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော်တို့ ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တပ်မတော်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော်တို့ဟာ နန့်တောစံပြကျေးရွာအုပ်စု နယ်မြေအတွင်းမှာ ဧပြီ ၁၈ ရက်နေ့ မနက် ၅ နာရီအချိန်လောက်က နာရီဝက်ခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သလို ဧပြီ ၁၇ ရက်နေ့ ညနေ ၅ နာရီကနေ ၈ နာရီခွဲအထိ ၃ နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှုရှိခဲ့တယ်လို သိရပါတယ်။
အဲဒီနယ်ဘက်ကို တပ်မတော်ဘက်က လွန်ခဲ့တဲ့ တပတ်ကျော်လောက်ကတည်းက စစ်အင်းအားဖြည့်တင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး မနေ့ကမှစပြီး ထိတွေ့မှုဖြစ်ခဲ့တာလို့ ရှမ်းနီအမျိုးသားများ တပ်မတော်မှ ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ဒီဗွီဘီကို ပြောဆိုပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော်အနေနဲ့ သူတို့ထိန်းချုပ်နယ်ထဲမှာ မူးယစ်ဆေးဝါး တိုက်ဖျက်မှုတွေနဲ့ လူထုစည်းရုံးမှုတွေ လုပ်ဆောင်နေတာကို တပ်မတော်ဘက်က မလိုလားတဲ့ သဘောမျိုးကြောင့် အခုလိုမျိုး တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ဆိုပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော်နဲ့တပ်မတို့ကြားမှာ ၂၀၁၆ ခုနှစ်က အိန္ဒိယနယ်စပ်နဲ့ ၂၀၁၇ ခုနှစ်က ကချင်ပြည်နယ်အတွင်းမှာ ထိတွေ့မှုအနည်းငယ် ရှိခဲ့ဖူးပေမယ့် အဲဒီနောက်ပိုင်း တိုက်ပွဲမရှိ တော့ဘဲ အခုမှ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ခဲ့တာလို့ ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သူ့အနေ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရှိထားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။
အခုလို နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်လာတာမျိုး မရှိသေးပေမယ့် စိုးရိမ်ပူပန်နေကြတယ်လို့ ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောပါတယ်။
“၅ နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်။ သေနတ်သံတွေကြားရတယ်။ အဲလောက်ပဲ ပြောကြတာ။ ထွက်ပြေးလာတာလည်း မရှိသေးဘူး။ အခု ကိုဗစ်ရောဂါလည်း ဖြစ်တယ်။ ဒါကလည်း ဖြစ်တယ်ဆိုတော့ ပိုပြီးတော့ စိုးရိမ်ကြတာပေါ့။ တပူပေါ် နှစ်ပူဆင့် ဖြစ်တာပေါ့။ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။”