ရေးမြို့နယ် ကျေးရွာအချို့တွင် စားနပ်ရိက္ခာ ပြတ်လပ်
DVB
·
April 18, 2020
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှာရှိတဲ့ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာအချို့မှာ တရွာနဲ့ တရွာ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
COVID-19 ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ တရွာနဲ့တရွာ ဖြတ်သန်း သွားလာခွင့်မပေးသလို လုံခြုံရေးလည်း တင်းကျပ်ထားတာကြောင့် အခြေခံစားသောက်ကုန်တွေ ဝယ်မရဘဲ လက်လုပ်လက်စား များတဲ့အတွက် စားစရာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာလို့ မင်းလှအေးကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
နိုင်ငံတော်က ပေးအပ်တဲ့ စားနပ်ရိက္ခာ အစီစဉ်မှာလည်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှ စားနပ်ရိက္ခာရရှိတဲ့သူတွေရှိသလို ရွာတွေအများစုက ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာကြောင့် ခြံထွက်ပစ္စည်းတွေလည်း သယ်ဆောင်ရောင်းချခွင့် မရတော့ဘဲ စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ရေးမြို့နယ်အတွင်းက အိမ်ထောင်စု ၅၂၀၀ ကျော်အတွက် နိုင်ငံတော်က စားနပ်ရိက္ခာ ပံ့ပိုးထားတယ်လို့လည်း သိရပါတယ်။