မင်းရာဇာနေအိမ်တွင် အိမ်အကူလုပ်ခဲ့သည့် အမျိုးသမီးငယ်အတွက် လှူဒါန်းငွေများ ခိုးယူခံရ
DVB
·
April 16, 2020
သရုပ်ဆောင်မင်းရာဇာရဲ့ နေအိမ်မှာ အိမ်အကူလုပ်ခဲ့တဲ့ အမျိုးသမီးငယ်အတွက် စေတနာရှင်တွေက လှူဒါန်းထားတဲ့ ငွေကျပ်၁၀ သိန်းနဲ့အတူ ဖုန်းတစ်လုံး ခိုးယူသွားခြင်းခံခဲ့ရ ပါတယ်။
သရုပ်ဆောင်မင်းရာဇာရဲ့ နေအိမ်မှာ အိမ်အကူအဖြစ်လုပ်ကိုင်ခဲ့တဲ့ အမျိုးသမီးငယ်ဟာ ဦးခေါင်းဒဏ်ရာ၊ မိန်းမကိုယ်ဒဏ်ရာတွေနဲ့ မြောက်ဥက္ကလာ မေဓာဝီဆေးရုံမှာ ဆေးကုသမှုခံယူနေရတာပါ။
အဲဒီအိမ်အကူအမျိုးသမီးငယ်လေးရဲ့ ဦးလေးဖြစ်သူအပါအဝင် လူနာစောင့်ငါးဦးဟာ ဆေးရုံက စီစဉ်ပေးထားတဲ့ မူလတန်းကြိုကျောင်းတစ်ခုမှာ တည်းခိုနေထိုင်တာဖြစ်ပါတယ်။
ဧပြီလ ၁၅ ရက်နေ့ညမှာတော့ အိမ်အကူအမျိုးသမီးငယ်အတွက် ပြင်ပကလှူဒါန်းထားတဲ့ ငွေကျပ် ၁၀ သိန်းနဲ့အတူ ဖုန်းနဲ့မှတ်ပုံတင်ထည့်ထားတဲ့ ဦးလေးဖြစ်သူ ဦးမိုးကျော်ရဲ့ အိတ်ဟာ အခိုးခံလိုက်ရတာလို့ အမျိုးသမီးငယ်အမှုကိုလိုက်ပါကူညီနေတဲ့ ဒေါ်စောခင်သူဇာကပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ရဲစခန်းကိုတော့ အကြောင်းကြားထားတယ်လို့ဆိုပါတယ်။
အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်ခဲ့တာတွေ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တာတွေ၊ ဦးခေါင်းကို ထုရိုက်ခဲ့တာတွေ စတဲ့စွပ်စွဲချက်တွေနဲ့ သရုပ်ဆောင်မင်းရာဇာအပါအဝင် (၄)ဦးကို ဖမ်းဆီးပြီး ပုဒ်မ (၄) ခုနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။
အမျိုးသမီးငယ်ရဲ့ ကျန်းမာရေးအခြေအနေကတော့ လက်ရှိမှာ တိုးတက်ကောင်းမွန်တယ်လို့ ဒေါ်စောခင်သူဇာက ပြောပါတယ်။
ထက်ဝေအောင်