ထိုင်းဆေးဝန်ထမ်းများအတွက် မျက်နှာဖုံးပိုးသတ်စက် တီထွင်

Reuters
ထိုင်းနိုင်ငံက သုတေသနပညာရှင်တွေနဲ့ အကျိုးအမြတ်မယူတဲ့ ကုမ္ပဏီတခု ပူးပေါင်းပြီး ဆေးဝန်ထမ်းတွေအတွက် အကာအကွယ်ပေးတဲ့ မျက်နှာဖုံးတွေ ပိုးသတ်ပေးတဲ့ စက်ကို ဖန်တီးလိုက်ကြပါတယ်။  ခရမ်းလွန်ရောင်ခြည်အဆင့် စီအလင်းနည်းပညာကို သုံးထားတဲ့ ဒီစက်တွေဟာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပရိုတိန်းနဲ့ ဘက်တီးရီးယားတွေကို သတ်နိုင်ပြီး ဆေးဝန်ထမ်းတွေရဲ့ မျက်နှာဖုံးတွေကို ပြန်သုံးနိုင်စေပါတယ်။  ထိုင်းနိုင်ငံထဲမှာ ဗိုင်းရပ်စ်ကာကွယ်ပေးတဲ့ ပစ္စည်းကိရိယာ ဝယ်လိုအား တိုးနေတာပါ။  ဧပြီ ၁၅ ရက်က SOS COVID-19 Fight Project ဟာ ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေး မျက်နှာဖုံး ပိုးသတ်စက် ပထမအသုတ်ကို ဖြန့်ချိခဲ့ပါတယ်။  ဒီစီမံကိန်းဟာ ခွဲခန်းသုံးမျက်နှာဖုံးနဲ့ N95 မျက်နှာဖုံး ပြတ်လပ်နေတဲ့ အတောအတွင်း ဆေးဝန်ထမ်းတွေ ဘေးကင်းရေး ကူညီနိုင်ဖို့ ရည်ရွယ်တယ်လို့ စီမံကိန်းတည်ထောင်သူ နိမစ် ပရာဆစ်ဒမ်ရွန်က ပြောပါတယ်။  ဒီရက်တွေမှာ မျက်နှာဖုံးတွေ လုံလောက်အောင် မရတာက ပြဿနာပဲ အလှူခံလို့ရလာတဲ့ မျက်နှာဖုံးတွေကလည်း ဆေးရုံသုံး အဆင့်ကို မမီဘူးလို့ သူက ဆက်ပြောပါတယ်။  SOS COVID-19 Fight Project ဟာ မျက်နှာဖုံး ပိုးသတ်စက်တွေကို ပြည်သူ့ဆေးရုံတွေနဲ့ ပုဂ္ဂလိက ဆေးရုံတွေဆီ အခမဲ့ ဖြန့်ချိသွားဖို့ စီစဉ်ထားပါတယ်။ လောလောဆယ် ဆေးရုံပေါင်း ၃၀၀ ကျော်က အလှူလက်ခံဖို့ စာရင်းပေးပြီးပါပြီ။ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးက ပိုးသတ်စက် ၃၅ လုံးကို ဗုဒ္ဓဟူးနေ့က လက်ခံခဲ့ပါတယ်။  ထိုင်းနိုင်ငံမှာ ဧပြီ ၁၆ ရက် မနက်ထိ အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၂၆၄၃  ယောက် ရှိပြီး သေဆုံးသူ ၄၃ ယောက် ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up