အင်းစိန်တွင် ဝတ်ပြုဆုတောင်းပွဲသွားတက်ခဲ့သူ ၃ ဦးကို ရွှေကျင်မြို့၌ စောင့်ကြည့်စစ်ဆေး
DVB
·
April 15, 2020
ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ ကျင်းပခဲ့တဲ့ ဗေသလနှစ်ချင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း ဝတ်ပြုဆုတောင်းပွဲကို သွားရောက်ခဲ့သူ ၃ ဦးနဲ့ အတူနေမိသားစုဝင် ၃ ဦးကို ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှာ Home Quarnatine စောင့်ကြည့်စစ်ဆေးနေတယ်လို့ မြို့နယ်တာဝန်ရှိသူတွေက ပြောပါတယ်။
အသက် ၅၀ အရွယ် အမျိုးသားတဦး၊ အသက် ၅၇ နှစ်နဲ့ အသက် ၂၅ နှစ် အရွယ် အမျိုးသမီး နှစ်ဦး အပါအဝင် အတူနေ မိသားစုဝင်သုံးဦးကို ရွှေကျင်မြို့၊ ရှမ်းကြေးရပ်ကွက်ကနေအိမ်မှာ Home Quarnatine စောင့်ကြည့် ထားတာဖြစ်ပါတယ်။
သူတို့သုံးဦးဟာ မတ်လ ၁၄ ရက်က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ဗေသလနှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲကို သွားရောက်ခဲ့ပြီး မတ်လ ၁၅ ရက်မှာ ရွှေကျင်မြို့ကို ဝင်းရတနာ မော်တော်ယာဉ်လိုင်းနဲ့ ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ဧပြီလ ၁၄ ရက်မှာ အသက် ၂၅ နှစ် အရွယ် အမျိုးသမီးရဲ့ အဘိုး၊ အဘွား၊ မိခင်နဲ့ အသက် ၅၀ အရွယ် အမျိုးသားနဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတို့ကို ကျန်းမာရေးစစ်ဆေးပြီး Home Quarnatin စောင့်ကြည့်စစ်ဆေးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ဒီဗွီဘီ ကိုပြောပါတယ်။
“အားလုံး ကျန်းမာရေး ကောင်းမွန်ပါတယ်။ အသက် ၂၆ နှစ် အရွယ်အမျိုးသမီးရဲ့ အဘိုး၊ အဘွားနဲ့ မိခင်ဖြစ်သူကိုပါ Home Quarnatine နေအိမ်မှာ စောင့်ကြည့်စစ်ဆေးနေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ပိုးသတ်ဆေးဖျန်းတာတွေ အကုန်လုပ်ထားပြီပါပြီ။”
ရွှေကျင်မြို့နယ်မှာ ဧပြီ ၁၅ ရက်မှ ၃၀ ရက်အထိ ခိုင်လုံသော အကြောင်းကိစ္စမရှိဘဲ နေအိမ်အပြင်ထွက်ခြင်း၊ လူစုလူဝေးဖြင့် အားကစားခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာ တွေမှာ လူစုလူဝေးနဲ့ သွားလာနေထိုင်ခြင်း၊ မူးယစ်သောက်စားခြင်း မပြုလုပ်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။
သတင်း - နေလင်းထိုက်