ဒုသမ္မတနှင့် မိသားစုတွင် COVID-19 ရောဂါ မတွေ့ရှိ
DVB
·
April 15, 2020
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ မိသားစုတွေ၊ သူနဲ့အနီးကပ်ထိတွေ့ခဲ့တဲ့ ဝန်ထမ်းတွေ အပါအဝင် ၃၂ ဦးမှာ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး မတွေ့ရှိဘူးလို့ သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
“ဓာတ်ခွဲနမူနာယူ စစ်ဆေးသူ အားလုံး ၃၂ ဦးရှိပြီးတော့ ၃၂ လုံးမှာ ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ)ရပါ။ နိုင်ငံတော်အကြီးအကဲများရဲ့ သတင်းမေးမြန်းလာခြင်းအပေါ် ဖြေကြားပေးခြင်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ စစ်ဆေးချက်အဖြေတွေကိုတော့ သက်ဆိုင်တဲ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်” လို့ အိမ်တော်သတင်းထောက်တွေကို ဦးဇော်ဌေး ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတော်အကြီးအကဲတွေရဲ့ ကျန်းမာရေးအတွက် အဝင်အထွက်ကို စိစစ်သတ်မှတ် ထားသူမှအပ အထိအတွေ့ မရှိစေဖို့ ကျန်းမာရေး Guideline တွေနဲ့အညီ စိစစ်ကြပ်မတ် စနစ်တကျ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ COVID-19 ကူးစက်ခံ အတည်ပြုလူနာစာရင်းမှာ ဘာသာရေးအဖွဲ့အစည်းတခုက ပုဂ္ဂိုလ်တချို့လည်း ပါဝင်နေတာပါ။
ဒီဘာသာရေး အဖွဲ့အစည်းက ပုဂ္ဂိုလ်တချို့နဲ့ ဒုတိယ သမ္မတ ၂ တို့ အခမ်းအနားတခုမှာ အတူတွဲထိုင်နေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တက်လာတာကြောင့် အစိုးရအနေနဲ့ ဒုတိယသမ္မတ ၂ နဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့သူတွေကို ကျန်းမာရေး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။