DVB Logo
Home
Lead Story
ထက်လွန်းတဲ့ဓား၊ ချိုလွန်းတဲ့ ပျားရည်
DVB
·
April 14, 2020
ထက်လွန်းတဲ့ဓား၊ ချိုလွန်းတဲ့ ပျားရည်
Donate to DVB

COVID-19 ရောဂါပိုးဆိုတာနဲ့အတူ ခေတ်စားလာတဲ့ စကားလုံးတွေထဲ အသွားအလာ  ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ဆိုတာ ထိပ်တန်းစာရင်းဝင်စကားလုံး ဖြစ်လာတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပါပဲ။ ရန်ကုန်မြို့တွင်း အိမ်ပြင် မထွက်ရလို့ ကန့်သတ်ထားချိန် အစောပိုင်းရက်တွေကို ကျော်ဖြတ်ဖို့ စာဖတ်တယ်။ ဖတ်ဖို့ ရွေးလိုက်တဲ့ စာအုပ်က စာရေးဆရာ ညီပုလေး ရေးတဲ့ ‘ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်’။ ကျနော်တို့ ငယ်ငယ်က အင်မတန်နာမည်ကြီးတဲ့ ဆရာဝန်ကြီးနာဂသိန်းလှိုင်အကြောင်း စာဖွဲ့ထားတာ။ နာဂသိန်းလှိုင် အတ္ထုပ္ပတ္တိ ညီပုလေးက ဝတ္ထုဟန်ဖွဲ့ထားတဲ့ အတ္ထုပ္ပတ္တိဝတ္ထုဟန် စာအုပ်ဖြစ်တယ်။

စာမျက်နှာ ၆၀၀ ကျော်ရှိတဲ့ဝတ္ထုမှာ ဆရာဝန်စာရေးဆရာ ဒေါက်တာအောင်ကြီးက အမှာစာရေးပြီး ‘ထက်လွန်းတဲ့ဓား ချိုလွန်းတဲ့ပျားရည်’လို့ မွှန်းထားတယ်။ အမှာစာရေးတဲ့ ဆရာဝန်လည်း မနူးမနပ် မထော်မနမ်းတွေ လုပ်ဖူးတယ်။ အခု လက်ဆေးနေကြရတဲ့ကိစ္စနဲ့ ပတ်သက်ဆက်နွှယ်နေလို့ပါ။

ဒေါက်တာအောင်ကြီး ဆရာဝန်ပေါက်စဘဝက သူ အင်မတန်လေးစားအားကျတဲ့ အထူးကု ဆရာဝန်ကြီးတယောက် ရှိတယ်။ အဲဒီဆရာဝန်ကြီးက ခွဲခန်းကထွက်လာရင် လက်ကို သေသေချာချာ ဆေးတာမှ တံတောင်ဆစ်ကစ ရေလောင်းပြီးဆေးတာ။ ထူးတာတခုက သူ လက်ဆေးရင် ပတ်ထားတဲ့ လက်ပတ်နာရီကို မချွတ်ဘဲ ဆေးပါသတဲ့။ ဒေါက်တာအောင်ကြီးပေါက်စက အဲ့ဒီဆရာဝန်ကြီးဆေးတဲ့အတိုင်း လက်ကို လိုက်ဆေးတယ်။ ပြီးရင် အဲ့ဒီဆရာဝန်ကြီးလုပ်သလို လက်ကို အဝတ်နဲ့ မသုတ်ဘဲ ဆေးထားတဲ့ လက်နှစ်ဖက်ကို လေထဲ လက်မြှောက်ထားသလို လိုက်မြှောက်ပါသတဲ့။

တပတ်လောက်ရှိတော့ အဲ့ဒီဆရာဝန်ကြီးရဲ့ လက်ထောက်က အဲဒီလို ဆရာကြီး လုပ်သလို လိုက်မလုပ်ဖို့ သတိပေးတယ်။ ဘာလို့တုံးဆိုတော့ အဲဒီဆရာဝန်ကြီးက သူ့လက်ပတ်နာရီက ရေစိမ်ခံကြောင်း ကြွားချင်လို့ အဲဒီလိုလက်ဆေးပြီး လက်ကို လေထဲ မြှောက် မြှောက်ထားတာ။ ဒေါက်တာအောင်ကြီး ရေးတဲ့ မနူးမနပ်ဆိုတဲ့ စာတပုဒ်တည်း ဖတ်ရတာပါ။ 

အခု ဆရာဝန်ကြီးနာဂသိန်းလှိုင်လည်း အလားတူ မနူးမနပ်အလုပ်တွေ တော်တော်လုပ်တာ တွေ့ရပါတယ်။ လူသေဆောင်ထဲ ညတိုင်းလိုလိုသွားပြီး လူသေကောင်တွေကို ခွဲစိတ်ကြည့်တာတို့ အိန္ဒိယနယ်စပ်သွားပြီး ဇိုမီသူပုန်တွေနဲ့ သွားတွေ့တာတို့၊ နာဂနယ်ဘက်က နာမည်ကြီး သူပုန်ဗိုလ်ကျားနဲ့ သွားတွေ့တာတို့ ပြောရရင် သူ့ဘဝတလျှောက် မနူးမနပ် မထော်မနမ်း အလုပ်တွေကို တော်တော်လုပ်သွားတဲ့သူပါ။

စောစောကပြောတဲ့ quarantine ဘက်ဆက်ရရင် quarantine အစ နာဂတွေကလို့ ဆိုရမလိုပါပဲ။ နာဂသိန်းလှိုင်ဆရာဝန်ဘဝနဲ့ နာဂတောင်တန်းတွေဆီ ရောက်ခဲ့တဲ့နှစ်တွေက ၁၉၆၄-၆၅ ခုနှစ်ဝန်းကျင်။ နာဂတောင်တန်းတွေကြား နေရာအနှံ့အပြား သွားရောက်ဆေးကုသပေးရင်း တရက် နာဂရွာတရွာရောက်တော့ နာဂအမျိုးသမီးတဦး ဝမ်းလျှောနေတယ်။ ဝမ်းလျှောတာက သူ့မျက်စိရှေ့တင် အဆက်မပြတ်ဖြစ်နေပေမယ့် သူ့မှာပါတဲ့ဆေးက ငှက်ဖျားဆေးတွေဖြစ်နေလို့ သူလည်း ကြံရာမရ၊ ဒီအချိန်မှာ နာဂရွာသူကြီးက ဆရာဘာမှ မပူနဲ့ဆိုပြီး သူ့တပည့်တွေကိုခေါ်ပြီး ရွာအဝင်အထွက်လမ်းတွေကို ဝါးချွန်တွေနဲ့ ပိတ်ချခိုင်းလိုက်တယ်။ ရွာထဲကလူ ရွာပြင်မထွက်ရ ရွာပြင်ကလူ ရွာထဲမဝင်ရ။ နာဂသိန်းလှိုင်ဆိုတဲ့ ဆရာဝန်ကြီးတောင် ဖျားသွားရတဲ့ နာဂရွာသူကြီးရဲ့ quarantine။

စာမျက်နှာ ၆၀၀ ကျော်ရှိတဲ့ ချိုမြမြပျားရည် စာအုပ်ထဲမှာ ဆရာဝန်ကြီးနာဂသိန်းလှိုင်ရဲ့ နာဂတောင်တန်းတွေဆီက ဆေးကုသခန်းအပိုင်းတွေဟာ ဆွဲဆောင်မှုအရှိဆုံး ဖြစ်တယ်။ နာဂတွေ လည်ပင်းကြီးရောဂါကို ခွဲဖို့ သူ့ခေါင်းနဲ့ အလျော်အစားလုပ်ခဲ့ရပုံတွေ၊ ဆေးဝါး အလုံအလောက် မရှိတဲ့ကြား ခွဲစိတ်ကိရိယာ အစုံအလင်မရှိတဲ့ကြားက မဖြစ်ဖြစ်အောင် ဇွဲနပဲနဲ့ ဇွတ်တင်းလုပ်ခဲ့ပုံတွေ နာဂလို နေ၊ နာဂလို စားနေလို့ ဒီတုန်းက ကျန်းမာရေးဝန်ကြီး အမြင်မတော်ပါဘူးလို့ ပြောလည်း နားမထောင်ခဲ့ပုံတွေ။ နာဂသိန်းလှိုင် ဆိုတဲ့ ဆရာဝန်ဟာ အတော့်ကိုသတ္တိကောင်းသလို စိန်ခေါ်မှုတွေအားလုံးကို အောင်အောင်မြင်မြင် ရင်ဆိုင်သွားပုံတွေဟာ လူငယ်တွေ အထူးအတုယူကြသင့်ပါတယ်။ ပြောသလိုဖြစ်အောင် လုပ်ခဲ့ပုံလေးတခု ပြန်ပြောပြပါဦးမယ်။

သူ မန္တလေးဆေးရုံမှာ တာဝန်ကျနေတုန်း တရက် ရန်ကုန်မြို့က ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးက ခေါ်လို့ သွားတွေ့ရတယ်။ တွေ့တော့ သူ့ကို လူသတ်ပါတယ် ဆိုပြီး စွပ်စွဲတယ်။ သူ ဘယ်လိုပင် ရှင်းပြရှင်းပြ နောက်ဆုံးကျ ညွှန်မှူးက ဘယ်သူ့ဘယ်သူကိုမှ အပြစ်ပေးမရလို့ မင်းကို ပေးတာဆိုပြီး ခန္တီးကို ပြောင်းမိန့်ထုတ်တယ်။ ဆရာဝန်သိန်းလှိုင် ဘာပြောခဲ့တယ် မှတ်သလဲ။ ရတယ်၊ သွားမယ်၊ ခင်ဗျားလည်းတနေ့ကျ ခန္တီးကို ရောက်လာအောင်လုပ်မယ်။ မြန်မာတပြည်လုံးက နာဂသိန်းလှိုင် ဆိုပြီး အသိအမှတ်ပြုလာအောင်ကို လုပ်ပြဦးမယ်လို့ စိန်ခေါ်ပြီး ခန္တီးကို ပြောင်းသွားတာ။

ခန္တီးမှာ သူ့လုပ်ဆောင်ချက်တွေ အောင်မြင်ပြီး ဒီတုန်းက ကျန်းမာရေးဝန်ကြီးကိုယ်တိုင် သူ ဆေးကုနေတဲ့ နာဂတောင်တန်းဆီသွားပြီး ဆေးဝါးပစ္စည်းတွေချပေးရတဲ့အထိ ဖြစ်ခဲ့တယ်။ သူ ခန္တီးမှာ ၆ နှစ်လောက် တာဝန်ထမ်းဆောင်ပြီး ပြောင်းခါနီးကျတော့ သူ့ကို ခန္တီး ပြောင်းမိန့်ထုတ်ခဲ့တဲ့သူကိုယ်တိုင် ခန္တီးကို ရောက်လာခဲ့တယ်။ ဒီလိုစိန်ခေါ်မှုမျိုး အခုခေတ် ဆရာဝန်လူငယ်လေးတွေ စွမ်းဆောင်နိုင်ပါ့မလား။

နာဂသိန်းလှိုင် ဆိုတဲ့ ဆရာဝန်က နာဂတွေကို ဆေးကုပေးရုံလုပ်ခဲ့တာ မဟုတ်ဘဲ နိုင်ငံအတွက် အရေးကြီးတဲ့အလုပ်တွေလည်း လုပ်ခဲ့တယ်။ သူက နာဂတောင်တန်းတွေနဲ့ ဆက်နေတဲ့ အိန္ဒိယနယ်စပ်ဘက်ကိုလည်း မကြာခဏ ဆေးသွားကုတော့ နယ်စပ်မှတ်တိုင်တွေ ရွှေ့ရွှေ့ထားတာ သူ သွားမြင်တယ်။ အိန္ဒိယဘက်ကနေ မြန်မာဘက်ကို တိုးတိုးပြီး ရွှေ့ရွှေ့ထားတာ နေရာ ၁၃ ခုမှာ တိုးရွှေ့ထားတာ။ ဒါကို သတိထားမိသွားတဲ့ နာဂသိန်းလှိုင်က အိန္ဒိယနိုင်ငံသို့  တံခါး ၁၃ ပေါက်ဆိုပြီး နိုင်ငံတော်ကို စာတမ်းပြုစုတင်ပြခဲ့တယ်။ အစိုးရကလည်း ချက်ခြင်းပဲ စစ်ဆင်ရေးတရပ်ဆင်နွှဲပြီး နယ်ခြားမှတ်တိုင်တွေ ပြန်ရွှေ့နိုင်ခဲ့တယ်။ လည်ပင်းကြီးရောဂါတွေ ထပ်မဖြစ်ပွားအောင် အိုဒင်းဆားတွေ ဖြန့်ပေးဖို့ အကြံပြုခဲ့တာလည်း သူပဲ ဖြစ်သည်။ ဟုတ်ပါတယ်။ ဆရာညီပုလေးရဲ့ မှုန်းခြယ်ချက်နဲ့ နာဂသိန်းလှိုင်ရဲ့ သူမတူတဲ့ စွမ်းဆောင်ချက်တွေကြောင့် ထက်လွန်းတဲ့ ဓားတလက်အကြောင်း ချိုလွန်းတဲ့ ပျားတစက်အကြောင်း ကောင်းကောင်းသိရပြီး အလေးပြုလိုက်ရပါတယ် နာဂသိန်းလှိုင်ဆိုတဲ့ ဆရာဝန်ကြီး။

ကျနော် ဖတ်ခဲ့တဲ့ ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက် စာအုပ်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလက စိတ်ကူးချိုချိုစာအုပ်တိုက်က ထုတ်ဝေခဲ့တာဖြစ်ပြီး စာအုပ်တန်ဖိုးက ၈၀၀၀ ကျပ်ပါ။ ပေါင်းချုပ်စတုတ္ထအကြိမ်ဖြစ်လို့ စာဖတ်သူအတော်များများလည်း ဖတ်ကြပြီး ဖြစ်ပါလိမ့်မယ်။ လက်တွေ မကြာခဏ ဆေးကြရ၊ quarantine မကြာခဏ လုပ်နေကြရချိန်နဲ့ တိုက်ဆိုင်လို့ စာအုပ်ညွှန်းလေး ရေးလိုက်တာပါ။ ဖတ်ပေးလို့ ကျေးဇူးတင်တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013