Home
မေးမြန်းခန်း
ပြည်ခိုင်ဖြိုးပါတီဟာ ကွန်မြူနစ်ဆန့်ကျင်ရေးကို မှန်မှန်လုပ်နေပါတယ် – ရဲဘော်ဖိုးသံချောင်း
ရွှေအောင်
·
April 8, 2013
“ပြည်ခိုင်ဖြိုးပါတီဟာ ကွန်မြူနစ်ဆန့်ကျင်ရေးကို မှန်မှန်လုပ်နေပါတယ်။ သူတို့ ၀တ္တရားမပျက်စေရဘူးဆိုတာ အာမခံလိုက်တာဖြစ်တယ်” လို့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပြောခွင့်ရ ရဲဘော် ဖိုးသံချောင်းက ပြောဆိုလိုက်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ စတင်တည်ထောင်ဖွဲ့စည်းခဲ့ကတည်းက လူထုကို အကြမ်းဖက်တဲ့နည်းတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်အောင် လျှောက်လုပ်တာမျိုး ဘယ်တုန်းကမှ အားမပေးခဲ့ဘူးလို့ ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။ မိတ္ထီလာမြို့ ပဋိပက္ခကို ဗကပဩဇာခံတွေက အဓိကလှုံ့ဆော်ခဲ့တာလို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ဧပြီ ၆ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်ကို ထုတ်ဖော်ပြောကြားခဲ့တဲ့အပေါ် ဗကပရဲ့ သဘောထားအမြင် ဆက်သွယ်မေးမြန်းရာမှာ ရဲဘော်ဖိုးသံချောင်းက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ရဲဘော်ဖိုးသံချောင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ [caption id="attachment_20493" align="alignright" width="300" caption="ရဲ​ဘော်ဖိုး​သံ​ချောင်း​"][/caption] ပြည်ခိုင်ဖြိုးပါတီရဲ့ ဦးအောင်သောင်းက မိတ္ထီလာမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ဗကပ ဩဇာခံတွေက လုပ်သွားတယ်။ အဓိက လှုံ့ဆော်သူအဖြစ် လုပ်သွားတာလို့ သူက စွပ်စွဲပြောကြားသွားတယ်။ အဲဒီအပေါ် ဘာများပြောချင်ပါလဲ။ “အခုအခါမှာ အဲကိစ္စတွေနဲ့ပတ်သက်လို့ အစိုးရမှာ အကျပ်အတည်းတွေ့နေတယ်။ သူတို့ကိုယ်တိုင်ပါဝင်ထားတာတွေဖြစ်နေတော့ ဖြေရှင်းရခက်နေတယ်။ အဲအချိန်မှာ သူတို့က အလွယ်ကူဆုံး ပုံချလို့ရဖို့အတွက် တွေ့ကရာဆွဲ ဖော်ထုတ်လိုက်တာဖြစ်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ ဒါတွေနဲ့ ဘယ်တုန်းကမှလည်း မပတ်သက်ခဲ့ဖူးဘူး၊ မလုပ်ခဲ့ဖူးဘူး။ သူတို့က အဲမှာရှိနေသူတွေကို ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ပတ်သက်တယ်လို့ ပြောလိုက်ခြင်းအားဖြင့် ပြင်းပြင်းထန်ထန် စွပ်စွဲလို့ရထားသမျှ ဒါမှမဟုတ် သူတို့ စတေးမယ့်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူတော့မယ့်ဟန် ပြည်သူလူထုကို ဖော်ပြလိုက်တာ။ ဟန်လုပ်တာလို့ ထင်တယ်။ ရိုးသားတဲ့ပြောဆိုမှုလို့ မယူဆဘူး။” အမေရိကန်သံအမတ်ကို ဒီလိုစကားမျိုးပြောလိုက်တာ ဘယ်လိုအဓိပ္ပာယ်၊ ဘယ်လိုသဘောမျိုး သက်ရောက်သွားလဲ။ “အမေရိကန်သံအမတ်ကို ဒီလိုစကားမျိုးပြောလိုက်တာဟာ သူတို့ဟာ ပြည်တွင်းမှာ ကွန်မြူနစ်ဆန့်ကျင်ရေး မှန်မှန်လုပ်နေတယ်၊ ၀တ္တရားမပျက်စေရဘူးဆိုတာ အာမခံလိုက်တာဖြစ်တယ်။ ဒါပေမယ့် ကျနော်ထင်တယ်၊ အမေရိကန်သံအမတ်ကလည်း သူတို့ ပြောတိုင်းမယုံပါဘူး။ သံတမန်ရေးရာအရတော့ လက်ခံရတာပေါ့လေ။ အဲလိုအခြေအနေမျိုးမှာ ပြောတဲ့စကားဆိုတော့ နှစ်ဖက်လုံး သံတမန်သဘောပိုဆန်တယ် ထင်တယ်။” မြန်မာပြည်မှာ လက်ရှိ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီ ၅၀ ကျော်ရှိတဲ့အထဲ အမေရိကန်သံအမတ်က ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင်တွေကို သွားတွေ့တာက ဘယ်လိုမှတ်ချက်ပေးချင်ပါလဲ။ “သိပ်တော့ မထူးဆန်းပါဘူး။ အာဏာရပါတီကို တချို့ကိစ္စတွေမှာ ဦးစားပေး ဆက်ဆံတယ်။ ဘယ်နိုင်ငံကမဆို လုပ်လေ့ရှိတယ်လို့ ထင်ပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ အထွေအထူးပြောစရာ မရှိပါဘူး။ လုပ်ရိုးလုပ်စဉ်တမျိုးလို့ နားလည်ပါတယ်။” အရင် စစ်အစိုးရလက်ထက်ကလည်း ဒီလိုပဲ ဗကပ ကို စွပ်စွဲလေ့ရှိတယ်လေ။ ဒီမိုကရေစီသွားနေတဲ့ ဒီဘက်ခေတ်မှာ အာဏာရပါတီ ထိပ်တန်းခေါင်းဆောင်တဦးက ထပ်စွပ်စွဲလိုက်တာက။ “ကျနော်တို့မြင်နေတာက လက်ရှိအစိုးရဟာ သူတို့ဘယ်လို ဟန်ဆောင်မှုတွေ၊ ၀ါဒဖြန့်မှုတွေလုပ်သည်ဖြစ်စေ သူတို့အရိုးထဲအသည်းထဲက အဆက်ဆက်ရှိခဲ့တဲ့ မုန်းတီးမှုတွေ၊ အာဃာတတွေကို ဘယ်လိုမှ မဖျောက်နိုင်ဘူး။ အဲဒါတွေအရ ဆက်လုပ်နေသေးတယ်၊ ရှေ့လည်းဆက်လုပ်ဦးမယ်။ အခုအခါ နိုင်ငံရေးအကျပ်အတည်းပေါ်လာတာနဲ့ အဲ အသွင်အပြင်တွေနဲ့ လုပ်နည်းလုပ်ဟန်တွေ ပြန်ဖော်ပြလာတယ်။ ဥပမာ လက်ပန်းတောင်းကို အပြင်းအထန် နှိမ်နင်းတာကအစ အကုန်။ သူတို့ရဲ့ အတွင်းလက္ခဏာတွေ ပေါ်လာတယ်။ တဆက်တည်း ဗကပကို ပုံချတာက အရင် အကျင့်ဟောင်း ဖော်ပြလာတာလို့ပဲ ယူဆတယ်။” အရေးအကြောင်းရှိတိုင်း ဗကပ၊ ယူဂျီတွေလို့ ပြောပြောနေတာကို ပြည်သူလူထုတွေကလည်း ရိုးနေပါပြီ။ ဘာလို့ ထပ်တလဲလဲပြောနေတယ်လို့ ဆရာယူဆပါလဲ။ “မြန်မာပြည်နိုင်ငံရေးမှာ ဗကပနဲ့ သူတို့နဲ့ လုံးဝမဆက်ဆံဘူး။ ဗကပကိုပဲ တရားခံတယောက်လို့ လက်ညှိုးထိုးထားလို့ရအောင် လုပ်တာဖြစ်ပါတယ်။။ သူတို့ထုံးစံ လုပ်တဲ့အစဉ်အလာက သူတို့မှာ ရန်သူတယောက် အမြဲထိုးပြထားဖို့ လိုတယ်။ ရုပ်ရှင်းကားတွေလိုဆိုရင် လူဆိုး၊ ဗီလိန်ပေါ့။ အဲလို ထိုးပြနိုင်ဖို့ ကြံဖန်ပြီး ဖန်တီးတဲ့ လုပ်ကွက်တခုလို့ မြင်တယ်။” မတ်လအတွင်းဖြစ်သွားတဲ့ မိတ္ထီလာပဋိပက္ခအပါအ၀င် ပဲခူးတိုင်းအနောက်ပိုင်း အကြမ်းဖက်ဖြစ်ပွားမှုတွေ အပေါ်မှာရော ဗကပ အနေနဲ့ ဘယ်လိုသုံးသပ်ပါလဲ။ ဒီဖြစ်ရပ်တွေဟာ ဘယ်လိုကြောင့် ဒီလောက်အထိ ဖြစ်သွားရတာပါလဲ။ “ကျနော်တို့ တိုင်းပြည်မှာ ပြည်သူလူထုကြီးဟာ စားဝတ်နေရေးဆင်းရဲမှု၊ အဖက်ဖက် အကျပ်အတည်းကြောင့် စိတ်တွေ မကျေမလည်ဖြစ်နေတာတွေ ဒါတွေက အခြေခံရှိနေပြီးသား။ မိတ္ထီလာမှာဖြစ်တာက မတော်တဆဖြစ်တာလို့ ထင်တယ်။ သို့သော် အဲလိုအခြေအနေမှာ တချို့သောအင်အားစုတွေက အစိုးရအပါအ၀င် တမင်ဖန်တီးလိုက်တာလည်း ပါတယ်။ ဒါကြောင့် ဒီလောက်အကြီးကြီးဖြစ်သွားတာ။ ဒါကြောင့် မြန်မာ ဗုဒ္ဓဘာသာဝင်ဖြစ်ပါစေ၊ မြန်မာပြည်သား အစ္စလာမ်ဘာသာဝင်ဖြစ်ပါစေ တဖက်နဲ့တဖက် အာဃာတနဲ့ လုပ်စရာကို မရှိဘူးလို့ ထင်တယ်။ ဒါက ဖန်တီးပေးတာ။ အစိုးရက တမင်လုပ်တယ်လို့ ထင်တယ်။” “ဘာလို့ တမင်လုပ်တာလဲဆိုတော့ မြန်မာတပြည်လုံးမှာ သူတို့အုပ်ချုပ်ဖို့ လိုအပ်တယ်။ သူတို့စစ်တပ် ကြီးကြီးမားမား တည်ရှိနေဖို့ လိုအပ်တယ်။ စစ်တပ်ကို အသွင်ပြောင်းထားတဲ့လူတွေပဲ အုပ်ချုပ်နေဖို့ လိုအပ်တယ်ဆိုတာ ဖော်ပြဖို့ လိုပါတယ်။ နောက် မမေ့သင့်တာက အခုလို အဓိကရုဏ်းတွေ ဖန်တီးနေချိန်မှာပဲ လက်ပန်းတောင်းဘက်မှာ သူတို့လုပ်ငန်းတွေကို ပြည်သူလူထု သဘောမတူဘဲ ဖိလုပ်နေတယ်။ ဒါတွေကို ဖုံးထားဖို့ အာရုံပျက်အောင်၊ သူတို့ လုပ်ချင်တာ လုပ်လို့ရအောင် ဆက်အကောင်အထည်ဖော်နေတယ်။ မြေသိမ်းတာတွေ၊ အက်ဆစ်စက်ရုံ လည်ပတ်တာတွေ အတင်းလုပ်နေပါတယ်။ ဒါကိုလည်း ဘယ်ကော်မရှင်ကမှ မတားပါဘူး။ သိချင်ဟန်မပြုဘူး။ အဲလို အခြေအနေမျိုးပါ။” တခြားဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါ။ “ဗမာပြည်ကွန်မြူနစ်ပါတီ ရှေးအစဉ်အလာကရော၊ ပါတီစထောင်ကတည်းကရော လူထုကို အကြမ်းဖက်တဲ့နည်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဘယ်တုန်းကမှလည်း အားမပေးခဲ့ဘူး။ မပါဝင်ခဲ့ဘူး။ အလားတူပဲ ဘာသာရေး၊ လူမျိုးရေးလက္ခဏာဆောင်တဲ့ လှုပ်ရှားမှုတွေကိုလည်း ဘယ်တုန်းကမှ အားမပေးခဲ့ဘူး၊ မပါခဲ့ဘူး။ နောင်မှာလည်း အဲလိုလုပ်မှာမဟုတ်ဘူး။ တိတိလင်းလင်း ဒီနေရာက ပြောချင်တယ်။ ပြည်ခိုင်ဖြိုးအမည်ခံ စစ်ဗိုလ်ဟောင်းတွေက ပြောနေတာကိုလည်း ချေပနေမှာ မဟုတ်ဘူး။ သူတို့နဲ့လည်း ဖက်ပြိုင်ပြောနေမှာ မဟုတ်ဘူး။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024