A d v e r t i s e m e n t With Us

နိုင်ငံခြားက ပြန်မည့်သူများ ဧပြီလကုန်ထိစောင့်ရန် အတိုင်ပင်ခံ မေတ္တာရပ်ခံ

Myanmar State Counsellor Office
COVID-19 ရောဂါပိုးတွေ့ရှိမှု တရိပ်ရိပ် မြင့်တက်လာပြီးနောက် မြန်မာနိုင်ငံကို ပြန်လာမယ့် ပြည်ပရောက် နိုင်ငံသားတွေအနေနဲ့ နောက်ထပ် Quarantine ဌာနတွေ အဆင့်သင့်ဖြစ်အောင် လုပ်ဆောင်မှာဖြစ်လို့  ဧပြီလကုန်မှ ပြန်လာကြဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ မေတ္တာရပ်ခံလိုက်ပါတယ်။ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်းမှ ပြည်သူတွေနဲ့ လူမှုကွန်ရက်မှာ ဧပြီ ၁၃ ရက်က အပြန်အလှန် ဆွေးနွေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆို ခဲ့တာပါ။  “စောင့်ကြပါလို့ မေတ္တာရပ်ခံချင်တယ်။ ဒီဟာက ကိုယ်အတွက်လည်း ပိုလုံခြုံလို့ပါ။ အစုလိုက်အပြုံလိုက်ဝင် လာတဲ့ အခါကျတော့ Quarantine လုပ်ဖို့အခြေအနေမပေးလို့ရှိရင် ကိုယ့်အတွက်ရော ကျန်တဲ့သူတွေရော အန္တရာယ်ရှိပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒါပြင် လာမယ့်ရက်သတ္တပတ်တွေအတွင်း ပြည်ပပြန်တွေထဲက ရောဂါပိုးရှိသူတွေ ပေါ်လာမှာဖြစ်ပြီး သူတို့နဲ့ အနီး ကပ်ထိတွေ့မှု ရှိတဲ့သူတွေကို လိုက်စစ်ရမှာဖြစ်သလို Quarantine ဌာန ပိုမိုတိုးချဲ့ကာ နေရာများ အောင်လုပ်ထားရမယ်ဟု ဒီနေ့တွေ့ဆုံရာမှာပါတဲ့ ကျန်မားရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းကို သတိပေးပြောဆိုပါတယ်။ အလားတူ နိုင်ငံသားတွေကိုလည်း နိုင်ငံတော်အတိုင်ပင်ခံက “ကျမတို့ လုပ်ရမှာတွေအများကြီးရှိတယ်။ အားလုံးသတိကြီးစွာနေရမယ်။ ဒါပေမဲ့ လည်း စိုးရိမ်ကြောင်းကြတာတွေ မဖြစ်အောင်တော့ နေရမယ်။ ရောဂါမဖြစ်ဖို့ကတော့ နောက်ဆုံးတယောက်ချင်းပေါ်မှာ ပဲတည်တယ်။ ဆရာဝန်တွေက ဘယ်လိုပဲ ပြောပြော ကျန်းမာရေးဌာနက ဘယ်လောက်ပဲညွန်ကြားချက်တွေ ထုတ်ထုတ် မလိုက်နာလို့ရှိရင် အကာကွယ်ရမှာ မဟုတ်ဘူး။ အဲဒါလိုက်နာဖို့က အင်မတန်ပဲ အရေးကြီးပါတယ်” လို့ သတိပေးပါတယ်။ လတ်တလော ထိုင်းနိုင်ငံက ပြည်တွင်းကို ပြန်ဝင်လိုသူဦရေဟာ မြဝတီမှာ ၂၀၀ လောက်ရှိပြီ အစိုးရ ညွန်ကြားချက်ကို လိုက်နာကာ စောင့်ဆိုင်းနေကြပေမဲ့ မွန်ပြည်နယ်မှာတော့ ထိုင်းပြန် ၁၅၁ ဦး ဝင်ရောက် ပြီးဖြစ်တယ်လို့ ဆွေးနွေးပွဲကသိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာအတည်ပြုလူနာဟာ သေဆုံးသူ ၄ ဦးအပါအဝင်  ၄၁ ဦးရှိပြီး သူတို့ထဲက ၃၇ ရာခိုင်နှုန်းဟာ စမ်းသပ်စစ်ဆေးချိန်မှာ ပိုးရှိတယ်ဆိုတဲ့ လက္ခဏာမပြတာကို စိစစ်တွေ့ရှိရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။  “ပေါ့စတစ်ဖြစ်တဲ့ သူရဲ့ ၃၇ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာမပြဘူး။ မပြပြီးမှ ဒီဟာ ဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့်မို့လို့ သတိထားပါ။ ရောဂါလက္ခဏာမပြပေမဲ့ မပေါ့ပါနဲ့” ဒါကြောင့် အခုအခါမှာ စောင့်ကြည့်ကာလဟာ ၁၄ ရက်နဲ့မလုံလောက်ဘူးဆိုတာ သိရတဲ့အတွက် ၂၁ ရက်အထိ လုပ်ရတာလို့ သူက ဆိုတဲ့အပြင် ရောဂါပိုးတွေ့သူနဲ့နီးနီးကပ်ကပ်နေဖူးတဲ့သူကို Home Quarantine  ခွင့်မပြု တော့ဘူးလို့ ပြောပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေပိုင်းအထိ ကိုရိုနာရောဂါ ကူးစက်ခံရသူဦးရေဟာ ၁,၈၅၃,၁၅၅ နဲ့ သေဆုံးသူ ၁၁၄,၂၄၇ ဦး ရှိပြီလို့ worldometers.info ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up