COVID-19 ရောဂါပိုးတွေ့သူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို စစ်ဆေးမှုမြှင့်တင်မည်
DVB
·
April 13, 2020
နိုင်ငံအတွင်း COVID-19 ရောဂါပိုးစစ်ဆေးမှုနဲ့ ပတ်သက်ပြီး ရောဂါပိုးတွေ့ရှိသူတွေနဲ့ အနီးကပ် ထိတွေ့သူတွေအပေါ် စစ်ဆေးမှုတွေကို တိုးမြှင့်စစ်ဆေးတော့မယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ပြောပါတယ်။
အရင်က စစ်ဆေးနိုင်မှု ကန့်သတ်ချက်တွေအရ ရောဂါလက္ခဏာပြလာတဲ့ သံသယရှိသူ အနည်းငယ်ကိုသာ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ရာကနေ ခုချိန်မှာတော့ တိုးမြှင့်စစ်ဆေးနိုင်နေပြီလို့ ဆိုပါတယ်။
ပြည်ပက ရောက်ရှိလာသူတွေကို Quarantine လုပ်ခြင်းနဲ့ ရောဂါပိုးတွေ့ရှိသူနဲ့ အနီးကပ် ထိတွေ့သူတွေကို Quarantine လုပ်တာဆိုပြီး နှစ်မျိုးထား ဆောင်ရွက်ခဲ့တာဖြစ်ပြီး စောင့်ကြည့်သူတွေထဲက ရောဂါလက္ခဏာပြသူတွေကိုသာ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခဲ့တာပါ။
အခုစစ်ဆေးမယ့်အစီအစဉ်မှာ ရောဂါပိုးတွေ့ရှိသူတွေနဲ့ သူတို့နဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေ အားလုံးကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပြီးမှ Quarantine ကနေ ပြန်လည်စေလွှတ်မှာဖြစ်ပြီး ပြည်တော်ပြန်တွေကို Quarantine ထားရှိတုန်းမှာ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှာလို့ ဦးဇော်ဋ္ဌေးက ပြောပါတယ်။
ရောဂါပိုးတွေ့ရှိသူတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေကို ရှာဖွေဖော်ထုတ်နိုင်ရေးကိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွဲ့စည်းထားတဲ့ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီတွေက တာဝန်ယူဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီ ၁၃ ရက်နေ့မနက်ပိုင်းအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၁ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၄ ဦးရှိသွားပြီ ဖြစ်ပါတယ်။