ပုသိမ်တွင် သင်္ကြန်ကြိုရန် ပန်းနှင့်အတာအိုးများ ရောင်းအားကျ၊ အုန်းညွန့် အဝယ်ပိုများ
DVB
·
April 12, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစည်ကားတဲ့နေရာတွေမှာ လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားတာကြောင့် မြန်မာ့ရိုးရာ အတာကြိုတဲ့အခါ အသုံးပြုတဲ့ ပန်းတွေနဲ့ အတာအိုးတွေ ရောင်းအားကျဆင်းခဲ့ပြီး အုန်းညွန့် အဝယ် ပိုများလာတယ်လို့ စျေးသည်တွေက ပြောပါတယ်။
ပန်းသည် ဒေါ်ချိုသစ္စာမောင်က “ဒီနှစ်ကတော့ အခြေအနေမကောင်းဘူးပေါ့၊ ရောဂါတွေကလည်း ဖြစ်နေတော့ လူတွေက အပြင်သိပ်မထွက်တော့ မရောင်းရဘူးပေါ့၊ အကြိုပန်းကတော့ ခါတိုင်းနှစ်လောက် မရောင်းရဘူး၊ ဒါပေမဲ့ အုန်းလက်ကို အစားထိုးပြီး ပိုဝယ်လာကြတယ်၊ ကျန်တဲ့ပန်းတွေကတော့ တော်တော် ရောင်းအားကျဆင်းသွားတယ်” လို့ ပြောပါတယ်။
ကန်ကြီးထောင့်မြို့နယ်၊ ၁၀၈ တောင် ဂမုန်းပေါင်းဆရာတော်ဘုရားကြီးရဲ့ သြဝါဒမိန့်တယ် ဆိုပြီး မြို့အတွင်း လူအများက သင်္ကြန်ကြိုဖို့ အတာအိုးတွေမှာထိုးတဲ့ ပန်းတွေအစား အုန်းညွန့် ၇ ညွန့်ကို ရတဲ့နေရာ ရတဲ့စျေးတွေမှာ လိုက်ဝယ်တာတွေ ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
“ဒီနှစ်ကတော့ ပါးတယ်၊ အရင်နှစ်ကဒီချိန်ဆို လူတွေ ကြိတ်ကြိတ်တိုးနေရပြီ? ဒီနှစ်ကမထွက်ရတော့ လူတွေကမဝယ်ကျတော့ဘူး၊ အရင်က အိုး ၃၀၀ လောက် ရောင်းရရင် ခုဆို ၁၀၀ တောင် မရရဘူး”လို့ အိုးသည် ဒေါ်ဖြူဖြူမာက ဒီဗွီဘီကို ပြောပါတယ်။
COVID-19 ရောဂါဖြစ်ပွားနေတာကြောင့် လူတွေ အပြင်ထွက်တာ နည်းသွားတာကြောင့် စျေးအရောင်းအဝယ်မကောင်းပေမယ့် ဒီရောဂါကြီး မြန်မြန်ပြီးသွားပြီး အရောင်းအဝယ်ကောင်းမယ့် အချိန်ကိုပဲ မျှော်နေရတယ်လို့ စျေးသည်တွေက ပြောပါတယ်။
ယခင်က အင်္ကြန်ကြိုတဲ့အနေနဲ့ မြန်မာ့ရိုးရာဓလေ့ နေ့ ၇ နေ့ရဲ့ နေ့နံတွေ ကိုက်ညီတဲ့ ပန်းနဲ့ အညွန့်တွေဖြစ်တဲ့ ပိတောက်၊ ပျဉ်းမ၊ ဇီး၊ ကြံ၊ အုန်း၊ တမာ၊ ကံ့ကော် စတဲ့ အရွက်တွေနဲ့ အညွန့်တွေကို အတာအိုးမှာထိုးပြီး ကြိုလေ့ရှိကာ ဒီနှစ်မှာတော့ အုန်းညွန့် ၇ ညွန့်သာ အတာအိုးမှာထိုးပြီး သင်္ကြန်ကြိုဖို့အတွက် လူအများစုက ပြင်ဆင်နေကြတာလို့ ဒေသခံတွေထံက ပြောပါတယ်။
မင်းထက်မုန်း(ပုသိမ်)