ဆရာဝန် ၁ ဦးအပါအဝင် ၃ ဦးတွင် COVID-19 ရောဂါတွေ့ရှိ၊ အတည်ပြုလူနာ ၃၁ ဦးထိရှိလာ
DVB
·
April 11, 2020
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာကို အနီးကပ် ဆေးကုသမှုပေးခဲ့တဲ့ ဆရာဝန် ၁ ဦး အပါအဝင် ၃ ဦးမှာ COVID-19 ရောဂါပိုးစစ်ဆေး အတည်ပြုတွေ့ရှိရတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဧပြီ ၁၁ ရက် ည ၈ နာရီက ကြေညာပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုခံရသူ ၁၆၇ ဦးရဲ့ ဓာတ်ခွဲ နမူနာတွေကို စစ်ဆေးခဲ့ရာမှာ လူနာ ၃ ဦးမှ COVID-19 ရောဂါပိုး တွေ့ရှိရတာဖြစ်ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၂၉ ဟာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှာ နေထိုင်တဲ့ အသက် (၂၆) နှစ်အရွယ် အမျိုးသား တဦးဖြစ်ပြီး မတ်လ ၂၈ ရက်က အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့သူဖြစ်ပါတယ်။ လက်ရှိ လူနာကို တောင်ကြီးမြို့ရှိ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာ နံပတ် ၃၀ ကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးရုံ တခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တဦးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ တဦးအား အနီးကပ် ဆေးကုသမှုပေးခဲ့သူဖြစ်ပါတယ်။ အဆိုပါ လူနာကို ဝေဘာဂီဆေးရုံကြီးသို့ လွှဲပြောင်းကုသဖို့ စီစဉ်နေပြီး လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေတယ်လို့ သိရပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာ နံပတ် ၃၁ ကတော့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ နေထိုင်တဲ့ အသက် (၄၉)နှစ်အရွယ် အမျိုးသမီး တဦးဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးဟာ ဓာတ်ခွဲအတည်ပြုလူနာ နံပတ် ၁ ညအိပ်တည်းခိုခဲ့တဲ့ တီးတိန်မြို့ နေအိမ်က ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီ ၁၁ ရက် အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၁ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၃ ဦးနဲ့ ပြန်ကောင်းလာသူ ၂ ဦးရှိပြီ ဖြစ်ပါတယ်။