မွန်ပြည်နယ်တွင် COVID-19 ကာကွယ်ရေးဆောင်ရွက်ရန် စေတနာ့ဝန်ထမ်း ၁၀၀ ကျော် စာရင်းပေး
DVB
·
April 11, 2020
မွန်ပြည်နယ်မှာ COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်ဖို့အတွက် စေတနာ့ဝန်ထမ်းလူငယ် ၁၀၀ ကျော် စာရင်းပေးထားတယ်လို့ မွန်ပြည်နယ် လူငယ်ရေးရာ ကော်မတီအတွင်းရေးမှူး ကိုကြည်ဇော်လွင်က ပြောပါတယ်။
တာဝန်ထမ်းဆောင်ကြမယ့် စေတနာ့ဝန်ထမ်း လူငယ်တွေကို မွန်ပြည်နယ် လူငယ်ရေးရာ ကော်မတီက စာရင်းကောက်ယူနေတာပါ။
စာရင်းပေးထားတဲ့ လူငယ်တွေဟာ COVID-19 ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းတွေနဲ့ Quarantine Camp တွေထဲမှာ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားမှာ ဖြစ်ပါတယ်။
စေတနာ့ဝန်ထမ်း လူငယ်တွေကိုတော့ အသက် ၂၀ မှ ၃၅ နှစ်အထိ သတ်မှတ်ထားပြီး အသက် ၂၀ အောက် စေတနာ့ဝန်ထမ်းတွေလည်း ပါဝင်နိုင်တယ်လို့ ကိုကြည်ဇော်လွင်က ပြောပါတယ်။
ဒီစေတနာ့ဝန်ထမ်းလူငယ်တွေကိုတော့ အသိပညာပေးတာနဲ့ သင်တန်းတွေ ပို့ချပြီးမှ လုပ်ငန်းခွင်ထဲ ပို့ဆောင်သွားဖို့ စီစဉ်ထားပါတယ်။