Home
မေးမြန်းခန်း
ဝန်ထမ်းလောကထဲ မိုးကျရွှေကိုယ်တွေ ၀င်လာလို့ မရတော့ဘူး – ဦးကိုနီ
ရွှေအောင်
·
April 5, 2013
ပြီးခဲ့တဲ့ မတ်လအတွင်း ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းဥပဒေဟာ အစိုးရ၀န်ထမ်း ရွေးချယ် ခန့်ထားရေးမှာ အရင်ကလို ကိုယ့်လူကိုယ်ခေါ်လာတဲ့ အလုပ်မျိုး လုပ်လို့မရအောင်၊ ၀န်ထမ်း လောကထဲ မိုးကျရွှေကိုယ်တွေ ၀င်လာလို့ မရအောင် အကာအကွယ်ပေးထားတဲ့ ဥပဒေ ဖြစ်တယ်လို့ ရန်ကုန်မြို့က အထက်တန်းရှေ့နေ ဦးကိုနီက ပြောပါတယ်။ ဦးကိုနီကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းချက် [caption id="attachment_35599" align="alignleft" width="300" caption="တရားလွှတ်တော်ရှေ့နေ ဦးကိုနီ (ဓာတ်ပုံ- ဒီဗွီဘီ)"][/caption] “ဒီဥပဒေက ကျနော်တို့အတွက် နည်းနည်းဆန်းနေတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်းမှာ ရာထူးခန့်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရာထူးဝန်အဖွဲ့က ဘာမှ အခွင့်အာဏာ မရှိဘူး။ ရာထူးဝန်အဖွဲ့က ကြီးကြပ်ခွင့်၊ စစ်ဆေးခွင့်၊ စိစစ်ခွင့် မရှိဘူး။ ဌာနတခုရဲ့ အကြီးအကဲကို ၀န်ကြီးကြိုက်ရင် ခန့်လိုက်တယ်။ ဒီဌာနမှာ ဒီဗိုလ်ချုပ်က အကြီးအကဲဖြစ်ပြီ၊ ၀န်ကြီးဖြစ်ပြီဆိုရင် သူနဲ့ ရင်းနှီးတဲ့သူတွေ အားလုံးကို ခန့်လိုက်တယ်။ ရာထူးဝန်အဖွဲ့က ဘာမှ ၀င်စွက်ဖက်လို့ မရဘူး။ အခု အဲဒီစနစ်ကို ဖျက်တော့မှာ။ အဲလိုမျိုး ကိုယ်ကြိုက်တဲ့သူ ကိုယ်ခန့်တာ မရတော့ဘူး။ ဆိုကြပါတော့ဗျာ၊ အခု ညွှန်ကြားရေးမှူးချုပ်တွေ လစ်လပ်သွားပြီ။ အဲဒီလစ်လပ်တဲ့ ထိပ်တန်းရာထူးတွေ ခန့်မယ်ဆိုရင် ရာထူးဝန်အဖွဲ့ကပဲ တဆင့်သွားရမယ်။ ရာထူးဝန်အဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ယူရမယ်။ သမ္မတလည်း တယောက်တည်း မလုပ်ဘူး။ ရာထူးဝန်အဖွဲ့ရဲ့ သဘောတူညီချက်ကို ယူပြီး လုပ်ရမယ်။ ခန့်တာ၊ ဖြုတ်တာအားလုံး သမ္မတဆီ သွားမယ်။ ဒါပေမယ့် သမ္မတလည်း တယောက်တည်းသဘော မဟုတ်ဘူး။ ရာထူးဝန်အဖွဲ့ဆိုတာကို သီးသန့် ကျနော်တို့က ဥပဒေနဲ့ ဖွဲ့ထားပြီးပြီ။ အခြေခံဥပဒေ ဖွဲ့စည်းပုံမှာလည်း ပါတယ်။ နိုင်ငံရဲ့ အဆင့်မြင့်ရာထူးတွေကို ခန့်တဲ့အခါမှာ အရင်လိုတဦးတယောက်တည်းကနေ စိတ်တိုင်းကျ ကိုယ့်လူကိုယ်ခန့်၊ သူ့လူသူခန့် လုပ်တာတွေကို ကာကွယ်နိုင်ဖို့အတွက် အခုလို ဥပဒေ ပြဋ္ဌာန်းလိုက်တာ။ သမ္မတကတော့ နိုင်ငံတော်အကြီးအကဲ၊ ၀န်ထမ်းအားလုံးရဲ့ အကြီးအကဲဖြစ်တဲ့အတွက် သမ္မတ သဘောထားလည်းပါတယ်။ သို့သော် သမ္မတလည်း ဒီအလုပ်ကို သူမလုပ်ဘူး။ သူက အတည်ပြုတာပဲ လုပ်မှာ။ တက်တာအားလုံးက ၀န်ကြီးတွေဆီကနေ ခန့်လို့ မရတော့ဘူး။ ရာထူးဝန်ကပဲ ခန့်ရတော့မယ်။ ပို့စ်တခုခန့်ဖို့လိုမယ်ဆိုရင် ရာထူးဝန်အဖွဲ့ကို အကြောင်းကြားရမယ်။ ရာထူးဝန်အဖွဲ့ကပဲ ရွေးမယ်၊ စိစစ်မယ်။ ဒါက အဓိကအချက်ပဲ။ ၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူးဆိုတာက ဘာကိုဆိုလိုတာလဲ။ “ညွှန်ကြားရေးမှူးချုပ်၊ MD လယ်ဗယ် သူတို့ကလည်းခန့်နိုင်တယ်။ ခန့်နိုင်တယ်ဆိုတာက ခန့်တယ်ဆိုတဲ့စာကို လက်မှတ်ထိုးအလုပ်ပဲ လုပ်တော့မှာ။ အားလုံးက ရာထူးဝန်အဖွဲ့ကပဲ သွားရတော့မယ်။ တနေရာရာမှာ လူ ၂၀-၃၀ လိုတယ်ဆိုရင် ရာထူးဝန်အဖွဲ့ကပဲ ခေါ်မယ်။ ဒီဝန်ကြီးဌာနမှာ ဒီနေရာမှာ ရာထူးလစ်လပ်တယ်.သူတို့ဆီမှာပဲလျှောက်။ သူတို့က စိစစ်၊ ရွေးချယ်မယ်။ သို့သော် လက်မှတ်ထိုးတာက ညွှန်ကြားရေးမှူးချုပ်တို့က ထိုးပေးရမှာပေါ့။” “ခန့်တာနဲ့ ရွေးချယ်တာ နည်းနည်းလေး ကွာတယ်။ ခန့်တာက ဒုတိယအဆင့်။ စိစစ်ရွေးချယ်တာက ရာထူးဝန်အဖွဲ့လုပ်တယ်။ အဆင့်မြင့်ရာထူးဆို သမ္မတက ခန့်မယ်။ ဌာနတခုရဲ့ ကျန်တဲ့ ၀န်ထမ်းတွေကိုခန့်ရင် သမ္မတကမလုပ်တော့ဘူး။ ဒီအလုပ် စာလက်မှတ်ထိုးတာကို ညွှန်ကြားရေးမှူးချုပ်တွေလုပ်မယ်။ ပြည်သူ့ဝန်ထမ်းက တိုင်းပြည်ကို အုပ်ချုပ်ရေးကိုလုပ်တဲ့ စနစ်ကို သူတို့က သွားနေတာ။ ၀န်ကြီးဆိုတာက နိုင်ငံရေးရာထူးတွေ။ ရာထူးခန့်တာတွေက သူတို့မလုပ်ရဘူး။ လက်မှတ်လည်း မထိုးရဘူး။ ဒါက နိုင်ငံရေးရာထူးတွေ၊ သက်တမ်းတခုအတွင်းမှာ. ပြီးရင်သွားကြရမှာတွေ။ အစိုးရ၀န်ထမ်းက တောက်လျှောက်ရှိနေမှာ. တသက်လုံး။ ၅ နှစ်တခါ ၀န်ကြီးတွေကပြုတ်သွားမယ်။ ဒါပေမယ့် အစိုးရ၀န်ထမ်းတွေကျတော့ တောက်လျှောက်သွားနေမှာ. မပြုတ်ဘူး။ ဒါကြောင့် သူတို့ကို ခန့်ကတည်းက ရာထူးဝန်အဖွဲ့ကပဲ ရွေးမယ်။ ခန့်ရင် အဆင့်မြင့်ရာထူးကို သမ္မတကခန့်မယ်။ ကျန်တဲ့ရာထူးကျတော့ ဌာနဆိုင်ရာအကြီးအကဲ၊ သမ္မတနဲ့ ရာထူးဝန်ကခန့်ထားတဲ့ အကြီးအကဲတွေက ခန့်မယ်။ ခန့်တဲ့ ခန့်စာကို လက်မှတ်ထိုးတာကို ပြောတာ။” အဲဒါဆိုရင် နိုင်ငံဝန်ထမ်းဥပဒေအရဆိုရင် ဗိုလ်ချုပ်တယောက်က သူဝန်ကြီးဖြစ်ရင် သူ့တပည့် ဗိုလ်ကြီး တယောက်ကို လက်ထောက်ညွှန်မှူးခန့်လိုက်တယ်။ အခု နိုင်ငံဝန်ထမ်းဥပဒေအရ ဒါလုပ်လို့မရတော့ဘူးပေါ့။ “မရတော့ဘူး။ ရာထူးဝန်ခန့်မယ် ခေါ်ရမယ်။” ရာထူးဝန်ဥပဒေက အခုမှ ပြဋ္ဌာန်းတာလား။ “ဟိုးအရင်တုန်းကရှိတယ်။ ၁၉၄၈ ကတည်းက ဒီဥပဒေအတိုင်းသွားတယ်။ ၁၉၆၂ နောက်ပိုင်းကျမှ ပျက်သွားတယ်။ ပျက်တာတောင်မှ ဦးနေ၀င်းက အထူးအရာရှိဆိုပြီး ရုံးတွေမှာ ခန့်တာ၊ စစ်သားတွေကို တဖြည်းဖြည်းသွင်းတာ။ အဲကနေ မသိမသာပျက်လာပြီး နောက်ဆုံး နှစ် ၂၀ ဆိုရင် ဌာနတိုင်းမှာ နည်းနည်းလေးချောင်တဲ့ စားပေါက်ရှိတဲ့နေရာဆိုရင် အကုန် သူတို့လူတွေပဲ ထည့်လိုက်တော့တယ်။ အခု လောလောဆယ် စစ်ကြည့်မယ်ဆိုရင် စာရင်းကောက်ကြည့်မယ်ဆိုရင် အကြီးအကဲနေရာမှန်သမျှ မိုးကျရွှေကိုယ်လို့ ပြောပြောနေတယ်လေ။ မိုးကျရွှေကိုယ်ဆိုတာ ဒီနေရာတခါမှမလုပ်ဖူးဘူး။ ဘာအတွေ့အကြုံမှမရှိဘူး။ ဒိုင်းဆို အပေါ်ကနေခန့်လိုက်တာ။ ဒါမျိုးတွေ ရှေ့လျှောက်မရှိရတော့ဘူး။ ဘယ်နေရာပဲလစ်လပ် လစ်လပ် အားလုံးက ရာထူးဝန်အဖွဲ့ကတဆင့်ပဲ သွားတော့မယ်။” ဒါဆို ဥပဒေကအရင်ကတည်းကရှိတယ်. မကျင့်သုံးတာပေါ့။ အဲဥပဒေကို ပစ်ထားတာပေါ့။ “ဟုတ်ပါတယ်။ ၁၉၆၂ ဟိုဘက်က ဒီပုံစံပါပဲ။ ဒါအသစ်မဟုတ်ပါဘူး။ ၁၉၆၂မှာ ဒီလိုပဲခန့်တယ်။ ၁၉၆၂ နောက်ပိုင်း နည်းနည်း နည်းနည်း လုပ်လာသေးတယ်။ နောက် တဖြည်းဖြည်း လုံးဝပျက်သွားတယ်။ ဒါကိုပြန်ပုံဖော်တာပါ။” ဒါပေမယ့် အခုက ဥပဒေအသစ်အနေနဲ့ ပြဋ္ဌာန်းလိုက်တာပေါ့။ “ဟုတ်ပါတယ်။ ကျနော်တို့ဘက်မှာလည်း နှစ်ပေါင်း ၅၀ လောက် ပျက်သွားပြီလေ။ လုံးဝအသစ်ပဲ။ ခေတ်၊ စနစ်နဲ့လည်းညီတဲ့ဟာပေါ့။ အရင်တုန်းကဥပဒေက Fundamental တွေ၊ ၀န်ထမ်းစည်းမျဉ်း၊ အစိုးရအုပ်ချုပ်ရေးဌာနတခုလုံးရဲ့ ၀န်ထမ်းနဲ့ပတ်သတ်တာတွေ ရှိတယ်လေ။ အဲဒါတွေနဲ့ပဲ သွားကြတယ်။ ဖြုတ်တာ၊ ခန့်တာ၊ ပီအီးလုပ်တာ၊ ဒီအီးလုပ်တာ အကုန် အသေးစိတ်ရှိပြီးသား။ အခုလည်း တချို့ဟာတွေ သုံးနေကြတာပဲ။ ခန့်တဲ့နေရာမှာသာ သူက စစ်အာဏာရှင်ခေတ်ဆိုတော့ ဥပဒေအထက်မှာ အုပ်ချုပ်ရေးအာဏာပိုင်တွေရှိနေတော့ ဥပဒေတွေအားလုံး ဘေးရောက်သွားပြီး လုပ်ချင်သလိုလုပ်တာပေါ့။ အဲဒါကို အခုပြန်ပြီးတော့ အရင်စနစ်ကို ပြန်ယူတာ။ အသစ်မဟုတ်ဘူး။” တခုတော့ရှိတယ်။ ၀န်ကြီးက ဥပမာ သူ့တပည့်တယောက်ကို ခေါ်ချင်တယ်ဆိုတော့ ရာထူးဝန်အဖွဲ့နဲ့ညှိပြီးခေါ်လိုက်ရင်ရော ရမှာလား။ “ရာထူးဝန်အဖွဲ့သဘောတူမှရမယ်။ ကိုယ်ရေးအရာရှိကျတော့ တမျိုး။ ၂ မျိုးရှိတယ်. ကိုယ်ရေးအရာရှိခန့်တာကျတော့ သူယုံကြည်တဲ့လူ သူခန့်လို့ရတယ်။ သို့သော် ဒီဘက်က သဘောတူညီချက်ယူရမယ်။ ကျန်တဲ့ Departmental Staff တွေ၊ ပြည်သူ့ဝန်ဆောင်မှု ရာထူးတွေပေါ့။ သူလည်း လခစားဖြစ်တဲ့အတွက် ပြည်သူ့ဝန်ထမ်းတော့ဖြစ်တယ်။ ဒါပေမယ့် ကိုယ်ရေးလက်ထောက်ဆိုတာ တဦးတယောက်အတွက်။ အဲဒါကျတော့ သူတို့ကြိုက်တဲ့လူကို ရွေးလို့ရတယ်။ ခန့်တဲ့အလုပ်တော့ ဒီဘက်က နည်းလမ်းတကျပြန်လုပ်ပေးမယ်။ ကိုယ်ရေးအရာရှိလိုမျိုးကလွဲလို့ တခြား တခြားသော လိုအပ်တဲ့ ၀န်ထမ်းတွေကိုတော့ ရွေးချယ်တာကို ရာထူးဝန်အဖွဲ့ကပဲလုပ်မယ်။” ဥပမာ ဒီဝန်ကြီးနဲ့ ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက အဆင်ပြေလို့ ငါတော့ ဒီလိုလုပ်လိုက်မယ်. မင်းခွင့်ပြုပေးပါဆိုပြီး လုပ်သွားတာမျိုးရော ဖြစ်နိုင်သေးလား။ “ဖြစ်နိုင်ချေနည်းတယ်။ ခက်တယ်။ စည်းမျဉ်းစည်းကမ်းတွေလာဦးမယ်။ အခုက Major Lawပေါ့။ နောက်မှာ နည်းဥပဒေတွေလာဦးမယ်။ ဘယ်လိုခေါ်ရမယ်၊ ဘယ်နှရက်ကြေညာခေါ်ရမယ်။ ဘယ်လိုရွေးချယ်ရမယ်၊ နည်းဥပဒေနဲ့ အသေးစိတ်လာဦးမယ်။ အခုတော့ အသေးစိတ်မရသေးဘူး။ ရာထူးဝန်အဖွဲ့လည်း သူလုပ်ချင်သလိုလုပ်လို့မရဘူး။ ရာထူးဝန်အဖွဲ့လိုက်နာရမှာတွေလည်း သပ်သပ်ရှိပြီးသား။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024