DVB Logo
Home
မြန်မာသတင်း
တောင်နှင့် မြောက်ကိုရီးယား စစ်ဖြစ်ရင် မြန်မာများကို အစိုးရက ပြန်ခေါ်မည်
DVB
·
April 5, 2013
Donate to DVB

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံအကြား စစ်ဖြစ်ပွားရင် မြန်မာနိုင်ငံသားတွေရဲ့ အရေးကို ကူညီဖြေရှင်းပေးဖို့ တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေကို မြန်မာသံရုံးက ပြောကြားပါတယ်။

မနေ့က တောင်ကိုရီးယားအခြေစိုက် မြန်မာသံအမတ်ကြီး ဦးညွန့်လှိုင်ဟာ တောင်ကိုရီးယားနိုင်ငံ အစိုးရတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သံရုံးရဲ့ ဒုတိယ အတွင်းဝန် ဒေါ်သင်းသင်းမြတ်က ရှင်းပြပါတယ်။

“မနေ့က သံအမတ်ကြီးက တောင်ကိုရီးယား အစိုးရတာဝန်ရှိသူတွေနဲ့ သွားရောက် တွေ့ဆုံဆွေးနွေးပြီးပါပြီရှင်။ ကျမတို့သံရုံးထဲမှာဆိုရင်လည်း လုံခြုံရေးစီမံချက်တွေ ဆွဲထားပြီးပါပြီ။ မြန်မာနိုင်ငံအလုပ်သမား ၁ သောင်းကျော်နဲ့ ကျောင်းသား ၂၀၀ ကျော် ရှိပါတယ်။ နိုင်ငံခြားသားနဲ့ လက်ထပ်ထားတဲ့ အမျိုးသမီးကောဆိုရင် ၁ သောင်းကျော်လောက်ရှိတော့ အကုန်လုံးအတွက်ကို သံအမတ်ကြီးက ဦးဆောင်ပြီးတော့ အစီအစဉ် ဆွဲထားပြီးသားပါ။ တောင်ကိုရီးယားဘက်ကလည်း အတတ်နိုင်ဆုံး သံတမန်နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့ ပြောထားပြီးသားပါ“ လို့ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ နှစ်စဉ် နိုင်ငံခြားသားအလုပ်သမား ၆ သောင်းလောက် ငှားရမ်းရပြီး မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယားအကြား အလုပ်သမားငှားရမ်းခွင့်ပြုစနစ် (အီးပီအက်စ်) နဲ့ ၂၀၁၂ ကုန်ပိုင်းမှာ စတင်ငှားရမ်းတာပါ၊ ဒီနှစ်အတွက်လည်း မြန်မာနိုင်ငံသား ၄၉၀၀ ကို ထပ်မံပို့လွှတ်ဖို့ စီစဉ်ထားပြီး လာမယ့်မေလမှာ စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန်မှာ ခုလို ကိုရီးယားနှစ်နိုင်ငံအကြား စစ်ဖြစ်မယ့်အရိပ်အယောင် ဖြစ်နေတာ ဖြစ်ပါတယ်။

ဒီအရိပ်အခြေတွေကြောင့် ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က စစ်ဖြစ်ရင် သူနိုင်ငံသားတွေ ပြန်ခေါ်မယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

အလားတူ မြန်မာနိုင်ငံအနေနဲ့လည်း ကိုယ့်နိုင်ငံသားတွေအကျိုးအတွက် ကူညီမယ်လို့ ဆိုးလ်မြို့အခြေစိုက် မြန်မာသံရုံး ဒုတိယအတွင်းဝန် ဒေါ်သင်းသင်းမြတ်က ရှင်းပြပါတယ်။ နှစ်နိုင်ငံစစ်ဖြစ်မယ်ဆိုရင် ကိုယ့်နိုင်ငံသားတွေ ပြန်ခေါ်မှာလားဆိုတဲ့မေးခွန်းကိုတော့ ဒေါ်သင်းသင်းမြတ်က အတတ်နိုင်ဆုံး ကူညီပေးသွားမယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ကာကွယ်သွားရမှာ ဖြစ်ပါတယ်။ အတတ်နိုင်ဆုံးလေ။ ဒီဘက်မှာ သံရုံးပေါင်း ၆၀ ကျော်ရှိတော့ တခြားသံရုံး ၅၀ ကျော်နဲ့တော့ တိုင်ပင်ဆွေးနွေးပြီးတော့ လုပ်ထားတာ ရှိပါတယ်။ ဒီက နိုင်ငံတွေနဲ့ ဆွေးနွေးထားသလို ကျမတို့ မြန်မာနိုင်ငံဘက်က အစိုးရတွေနဲ့ ဆွေးနွေးပြီးတော့ အစီအစဉ်တွေ ဆွဲထားပြီးသားပါ” လို့ ဖြေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013