DVB Logo
Home
မြန်မာသတင်း
ဘာသာပေါင်းစုံလူငယ်များ ပဋိပက္ခမဖြစ်ပွားရေး လှုပ်ရှား
DVB
·
April 5, 2013
ဘာသာပေါင်းစုံလူငယ်များ ပဋိပက္ခမဖြစ်ပွားရေး လှုပ်ရှား
Donate to DVB

Pray for Myanmar လို့ နာမည်ပေးထားတဲ့ ဘာသာပေါင်းစုံပါဝင်တဲ့ လူငယ်တစုဟာ ပဋိပက္ခတွေ မဖြစ်ပွားရေး လှုပ်ရှားမှုတခု ရန်ကုန်မှာ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ လူစည်ကားရာ နေရာတွေဖြစ်တဲ့ လှည်းတန်း၊ မြေနီကုန်းနဲ့ မင်္ဂလာတောင်ညွန့်၊ မင်္ဂလာဈေးရှေတို့မှာ စတစ်ကာအခု ၂ သောင်းနဲ့ တီရှပ်အထည် ၁၀၀၀ တို့ကို ဝေငှခဲ့ကြတာ ဖြစ်ပါတယ်။

[caption id="attachment_38176" align="alignleft" width="300" caption="ရန်ကုန်မြို့တွင် စတစ်ကာများလိုက်လံဝေငှ"][/caption]

ဝေငှတဲ့ စတစ်ကာနဲ့ တီရှပ်တို့မှာ “ကျွန်ုပ်ကြောင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ မဖြစ်စေရ၊ ဘာသာလူမျိုး မခွဲခြား မြန်မာနိုင်ငံသား” စတဲ့ စာသားတွေရေးထားတယ်လို့ ဦးဆောင်စီစဉ်သူတဦးဖြစ်တဲ့ ဦးသက်ဆွေဝင်းက ပြောပါတယ်။

စတစ်ကာနဲ့ တီရှပ်လိုက်ပြီးဝေရာမှာ ပြည်သူတချို့ရဲ့ တုံ့ပြန်ပုံကိုလည်း သူက ခုလို ပြောပါတယ်။

“၉၅ ရာခိုင်နှုန်းက လိုလားစွာလက်ခံကြတယ်။ တက္ကစီသမားတွေရော ပြည်သူလူထုကပါ လိုလိုလားလား ယူကြတယ်။ တချို့က ယူပြီး လွှင့်ပစ်တယ်။ တချို့က မယူသွားဘူး။ တချို့ကဖုန်းဆက်ပြီး လှမ်းခြိမ်းခြောက်တယ်။ လှည်းတန်းနားမှာ သတင်းထောက်ပါဆိုပြီး ဖုန်းနံပါတ်တောင်းပြီး ဖုန်းလှမ်းဆက်တယ်။ မင်းတို့ဗမာမဟုတ်ဘူးလား၊ ကုလားနဲ့ပေါင်းပြီး ဘာလို့လုပ်ရလဲဆိုပြီး လှမ်းဆူပူဆဲဆိုတာ ရှိတယ်။ ကျနော်တို့အဖွဲ့ထဲမှာ လူငယ်တွေပေါင်းလုပ်ကြတာ၊ ဘာသာပေါင်းစုံပါတယ်။ အစ္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ အကုန်ပါတယ်။”

အလားတူလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ရှိပြီး အမြို့မြို့အနယ်နယ်မှာရှိတဲ့ လူငယ်တွေလည်း တတ်နိုင်သလောက် အလားတူလှုပ်ရှားမှုတွေ လုပ်ကြဖို့ တိုက်တွန်းလိုတယ်လို့ ပြောပါတယ်။

သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်ထဲမှာလည်း ပဋိပက္ခတွေ မဖြစ်ပေါ်ရေး ဆုတောင်းပွဲတခု ရန်ကုန်မှာ လုပ်ခဲ့ပါတယ်။

အလားတူ လှုပ်ရှားမှုကို မန္တလေးမြို့က လူငယ်တစုလည်း ဒီနေ့ပဲ ပြုလုပ်ခဲ့ကြပြီး ပဋိပက္ခ မဖြစ်ပေါ်ရေး စတစ်ကာ အခု ၁၀၀၀ ကို လိုက်လံ ဝေငှခဲ့ကြပါတယ်။

မန္တလေးလူငယ်တဦးဖြစ်တဲ့ ကိုဟယ်ရီက ခုလို ပြောပြပါတယ်။

“မန္တလေး ဈေးချိုမှာဝေဖြစ်တယ်။ ၈၁နဲ့ ၈၂ ကြား၊ ၂၆၊ ၂၇ လမ်းကြားမှာ လေလာဝင်းရှိတယ်။ အဲ ၀င်းထဲမှာ ပဋိပက္ခဖြစ်ခဲ့ဖူးတော့ အဲဝင်းထဲမှာ စတစ်ကာတွေလိုက်ဝေတယ်၊ ကပ်ပေးတယ်။ နောက် ပြဿနာမဖြစ်အောင် အသိပညာပေးတဲ့အနေနဲ့ တအိမ်တက်ဆင်း စကားပြောဖြစ်ခဲ့တယ်။”

မန္တလေးမြို့ပေါ် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေက ယာဉ်မောင်းတွေဟာ  စတစ်ကာတွေကို လိုလိုလားလား တောင်းယူပြီး သူတို့ကားတွေမှာ ကပ်ကြတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လထဲ မိတ္ထီလာမြို့နဲ့ ပဲခူးတိုင်းအနောက်ပိုင်းမြို့တချို့မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013