Home
မြန်မာသတင်း
အစိုးရ ညွှန်ကြားချက် မပြတ်သားသဖြင့် အခက်အခဲကြုံနေဟု ကယားယာဉ်လိုင်းပိုင်ရှင်များ ပြော
နော်နိုရင်း
·
April 11, 2020
COVID-19  ရောဂါ ကာကွယ်တားဆီးနိုင်ရေးနဲ့ပတ်သက်ပြီး အစိုးရရဲ့ ညွှန်ကြားချက် ပြတ်သားမှုမရှိတဲ့အတွက် လိုက်နာဆေင်ရွက်ဖို့ အခက်အခဲကြုံတွေ့နေရတယ်လို့ ကယားပြည်နယ် ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ COVID-19  ရောဂါ ကာကွယ်တားဆီးနိုင်ရေးနဲ့ပတ်သက်ပြီး ကယားပြည်နယ်အစိုးရက ယာဉ်မောင်းတွေအတွက် ကျန်းမာရေးအသိပညာနဲ့ ရောဂါမကူးစက်အောင် ကာကွယ်ရေး အစီအမံတွေ ဆောင်ရွက်ဖို့ အချက် ၅ ချက်ကို ဧပြီ ၈ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီညွန်ကြားချက် ၅ ချက်ကတော့ ယာဉ်မောင်းတိုင်း MASK တပ်ဆင်မောင်းနှင်ဖို့၊ ယာဉ်ပေါ်အတက်အဆင်းတိုင်း လက်သန့်စင်ဆေးရည်နဲ့ ဆေးကြောဖို့၊ ခရီးသည်တင်ယာဉ်ဖြစ်ပါက ခရီးသည်တွေ MASK တပ်ဆင်ဖို့၊ ယာဉ်ပေါ်ရှိထိုင်ခုံတွေပေါ် ခရီးသည်တွေ နေရာယူရာမှာ သတ်မှတ်အကွာအဝေးရှိစေဖို့နဲ့ မော်တော်ယာဉ်တွေ တခေါက်ပြေးဆွဲပြီးတိုင်း ပိုးသတ်ဆေးဖျန်းဖို့ ညွှန်ကြားထားတာပါ။ အစိုးရ ညွန်ကြားထားချက်နဲ့ ပတ်သက်လို့ မော်တော်ယာဉ် လုပ်ငန်းရှင်တွေက လွိုင်ကော်မြို့ လိုင်းပေါင်းစုံဂိတ်မှာ ဧပြီလ ၁၀ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။  ဒီညွန်ကြားချက်တွေထဲက သတ်မှတ်အကွာအဝေးကိစ္စမှာ ဘယ်လိုစံချိန်စံညွှန်းနဲ့ တိုင်းပြီး ထုတ်ပြန်ထားတာ မရှိသလို ခရီးသည်တွေကို ဘယ်လို ဘယ်အတိုင်းအတာအထိ တင်ဆောင်ရမယ်ဆိုတဲ့အချက် အတိအကျမပါတဲ့အတွက် လိုက်နာဆောင်ရွက်ဖို့ အခက်အခဲ ဖြစ်နေတာလို့ လွိုင်ကော်မြို့ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများစနစ်တကျ ကြီးကြပ်ရေး ကော်မတီ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးစံအေးက ပြောပါတယ်။ “အခုကျနော်တို့ အခက်အခဲဖြစ်နေတာတခုက ဘာလဲဆိုတော့ တဝက်တင်ရမလား။ သတ်မှတ်အကွာအဝေးကို တင်ရမလား မကွဲဘူး။ ဥပမာ ရှမ်းပြည်နယ်ဆိုလို့ရှိရင် တိကျလိုက်နာ ဆောင်ရွက်ရန်အတွက်ဆိုပြီးတော့ ရှမ်းပြည်နယ်အခြေပြု ယာဉ်လိုင်းများတစီးလျှင် ပုံမှန်တင်သည့် ခရီးသည်အရေအတွက် တဝက်တင်ဆောင်ရမည်။ ခရီးသည်တဦးလျှင် ယာဉ်စီးနှုန်းခ နှစ်ဆ တိုးမြှင့်သွားရန် ရှမ်းပြည်နယ်အစိုးရ ရည်ညွန်းစာအဖြစ် ညွှန်ကြားလာခဲ့ပါသည်ဆိုတော့ သူက ညွှန်ကြားတာ ပြတ်တယ်။  ကျနော်တို့ ကယားပြည်နယ်အနေနဲ့လည်း ဒီလိုညွှန်ကြားဖို့တော့ လိုတာပေါ့ဗျာ။” ရွှေပအို့ယာဉ်လိုင်းပိုင်ရှင် ဦးအေးကိုကိုက “တခြားပြည်နယ်နဲ့တိုင်းမှာ လူဦးရေ လျော့ခိုင်းတယ်။ ပြီးတော့ ဈေးနှုန်းကို နှစ်ဆတိုးခိုင်းတယ်။ ကယားပြည်နယ်အနေနဲ့က အဲလိုလည်း လုပ်ခိုင်းထားတာမရှိဘူး။ ကျနော်တို့ကားငယ်တွေက တရက်တရက်ဘယ်လောက်မှ မမြတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ဒီကားတွေကို အရစ်ကျနဲ့ဝယ်ထားတယ်။ ကျနော်တို့က အရစ်ကျကို ပြန်ချေဖို့အတွက် ကြိုးစားနေရတာပေါ့နော်။ ရောဂါထက်ကို အကြွေးတွေကို ပိုကြောက်နေရတယ်။ အဲဒီအတွက်ကြောင့်မို့ ဒီဟာကို ဆက်ဆွဲဖိုတော့ အစီအစဉ်ရှိတယ်။ ဒါပေမယ့် လူကို လျှော့ချခိုင်းတယ်ဆိုလို့ရှိရင်တော့ ဈေးနှုန်းလေးတော့ နည်းနည်း ပြင်ပေးစေချင်တာပေါ့နော်။ လောလောဆယ်မှာ ဈေးနှုန်းမပြင်သေးဘူး။ ဘယ်နှရက်ထိထားမလဲ ရက်အတိုင်းအတာတခုတော့ သိချင်တာပေါ့” လို့ ပြောပါတယ်။ ဒါ့အပြင် ကျန်းမာရေးအရ မဖြစ်မနေ အသုံးပြုရမယ့်  လက်ဆေးရည်ဘူးတွေ၊ MASK တွေ၊ ပိုးသတ်ဆေးတွေကို ပုံမှန်ဈေးနှုန်းနဲ့ ပုံမှန်ဝယ်ယူလို့ ရနိုင်မယ့် နေရာတခု စီစဉ်ဆောင်ရွက်ပေးဖို့လည်း ခရီးသည်တင်ယာဉ်လိုင်းတွေက လိုလားနေကြပါတယ်။ ကယားပြည်နယ်မှာ ယာဉ်လိုင်း ၆၈ လိုင်းရှိပြီး ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ခရီးသွားယာဉ်စီး မရှိသလောက် လျော့နည်းသွားတဲ့အတွက် ဧပြီ ၇ ရက်နေ့ကတည်းက ယာဉ်လိုင်းတွေ ပိတ်ထားကြရပါတယ်။ အခုသင်္ကြန်တွင်းပိတ်ရက်ကြောင့် ယာဉ်လိုင်းအားလုံး ရပ်နားထားပြီဖြစ်ပေမယ့် သင်္ကြန်ကာလကျော်လို့ ယာဉ်လိုင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ ကျန်းမာရေးအရ တိကျတဲ့ညွန်ကြားချက်မျိုး လိုအပ်တယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024