နေပြည်တော်ရှိ အခြေခံလူတန်းစားများအတွက် အိမ်တိုင်ရာရောက်စနစ်ဖြင့် ရိက္ခာထောက်ပံ့မည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 10, 2020
COVID-19 ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အချိန်မှာ နေပြည်တော်ရှိ အခြေခံလူတန်းစားတွေအတွက် စားသောက်ကုန် ၅ မျိုးကို အိမ်တိုင်ရာရောက်စနစ်နဲ့သာ ပေးအပ်သွားမယ်လို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ပြောပါတယ်။
“နိုင်ငံတော်ရဲ့ အစီအမံအတိုင်း လိုက်နာဆောင်ရွက်ဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ အလေအလွင့်မရှိအောင်လည်း အကောင်းဆုံးစီမံထားပါတယ်။ လူစုလူဝေးမဖြစ်အောင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် အိမ်တိုင်ရာရောက် ပေးဝေသွားဖို့လည်း စီစဉ်ထားပါတယ်။ တကယ်ပေးရမယ့်သူတွေ နံမည်စာရင်းမှာ ကျန်ခဲ့တာတွေရှိရင်လည်း တင်ပြလာတဲ့အပေါ် ပြန်လည်စိစစ်ပေးသွားမှာပါ”
ဒီကနေ့ နေပြည်တော်မှာရှိတဲ့ ပျဉ်းမနားစုပေါင်းရုံးမှာ ကျင်းပတဲ့ မဟာသင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိတဲ့ အိမ်ထောင်စုတွေအတွက် အခြေခံစားကုန် ၅ မျိုး ပေးအပ်တဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။
နေပြည်တော် ကောင်စီနယ်မြေ ၈ မြို့နယ်အတွင်းက ကောက်ခံရရှိထားတဲ့ အခြေခံလူတန်းစား အိမ်ထောင်စု ၁၀၅၀၀၀ အတွက် အိမ်ထောင်စုတစုကို ဆန် ၈ ပြည်၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာနဲ့ ဆီ ၅၀ ကျပ်သား တို့ကို ဝေငှမှာဖြစ်ပြီး ကာလတန်ဖိုးငွေနဲ့ တအိမ်ထောင်ကို ကျပ် ၁ သောင်းခွဲနှုန်း တန်ဖိုးရှိတယ်လို့ သိရပါတယ်။