COVID-19 တုံ့ပြန်ရန် ဗီယက်နမ်က မြန်မာကို ကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်း
DVB
·
April 10, 2020
COVID-19 ကူးစက်ရောဂါကို ကာကွယ်တုံ့ပြန်ဆောင်ရွက်ဖို့ ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ပေးအပ်လှူဒါန်းလိုက်တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံခြားရေးရုံးမှာ ဒီနေ့မနက်က ဗီယက်နမ် နိုင်ငံခြားရေး ဒုဝန်ကြီး Nguyen Quoc Dung က အဆိုပါလှူဒါန်းငွေတွေကို မြန်မာသံအမတ်ကြီးဦးကျော်စိုးဝင်းထံ ပေးအပ်လိုက်တာ ဖြစ်ပါတယ်။
နှစ်နိုင်ငံအကြားထားရှိတဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ အိမ်နီးချင်းကောင်း နိုင်ငံတစ်နိုင်ငံအနေနဲ့ ဗီယက်နမ်အစိုးရနဲ့ ပြည်သူတွေက မြန်မာနိုင်ငံရဲ့ COVID-19 ကူးစက်ရောဂါကို တိုက်ထုတ်ကာကွယ်ရာမှာ ပူးပေါင်းပါဝင်တဲ့အနေနဲ့ မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေအတွက် လှူဒါန်းတာဖြစ်ပြီး မိမိတို့အားလုံးအနေနဲ့ စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင် ကျော်လွှားကြမယ်လို့ ဗီယက်နမ် ဒုဝန်ကြီးက ပြောပါတယ်။
အဆိုပါ လှူဒါန်းငွေတွေကို မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ဆက်သွယ်ပြီး ဘဏ်ကနေတဆင့် ပြန်လည်လွှဲပြောင်း ပေးအပ်မယ်လို့ သိရပါတယ်။
ဓာတ်ပုံ-MOFA