Homeမြန်မာသတင်း
မွန်ပြည်နယ်၌ ယာဉ်လိုင်းများရပ်ထားသဖြင့် အခက်အခဲရှိသည့် ခရီးသွားများအကူအညီ တောင်းနိုင်
မွန်ပြည်နယ်၌ ယာဉ်လိုင်းများရပ်ထားသဖြင့် အခက်အခဲရှိသည့် ခရီးသွားများအကူအညီ တောင်းနိုင်
DVB
·
April 10, 2020
မွန်ပြည်နယ်ထဲမှာ COVID-19 ကပ်ရောဂါဘေးကာလမှာ ယာဉ်လိုင်း အများစု ရပ်ထားတဲ့အတွက်ကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ အခက်အခဲရှိရင် မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီမှာ အကူအညီ တောင်းခံနိုင်ပါတယ်။
မွန်ပြည်နယ်မှာတော့ မော်လမြိုင်ကနေ တခြားတိုင်းနဲ့ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၇၃ လိုင်း ရှိနေတာပါ။ ဒါပေမယ့် အဲဒီ ယာဉ်လိုင်းတွေထဲကနေ ယာဉ်လိုင်းပေါင်း ၇၀ ဟာ ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်အထိ ပြေးဆွဲမှု ရပ်နားတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် ခရီးသွားတွေအနေနဲ့ ယာဉ်လိုင်းအများစု ပြေးဆွဲမှု ရပ်နားထားတဲ့ ကာလမှာ အခက်အခဲရှိရင် မော်လမြိုင် လှိုင်အဝေးပြေးကာဝင်းမှာ ဖွင့်လှစ်ထားတဲ့ ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ ရုံးခွဲမှာ အကူအညီ တောင်းခံတယ်လို့ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင် ကပြောပါတယ်။
ယာဉ်လိုင်းအများစု ရပ်ထားတဲ့ ကာလမှာတော့ မော်လမြိုင်-ရန်ကုန် ကားလိုင်း ဖြစ်တဲ့ New PTT နဲ့ မော်လမြိုင်-ထားဝယ်-မြိတ် ကားလိုင်းတွေ ဖြစ်တဲ့ ထွန်းမြင့်မိုရ်နဲ့ ခေတ်ကောင်းစံ ယာဉ်လိုင်းတွေကတော့ ပိတ်ရက်မရှိ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။
ဒီလို ပြေးဆွဲရာမှာလည်း လက်မှတ်စျေးနှုန်းတွေကို သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ရောင်းချပေးရမှာ ဖြစ်ပြီး စျေးတင်ရောင်းချတဲ့ ယာဉ်လိုင်းတွေကို အရေးယူသွားမယ်လို့လည်း ဦးကျော်ဝင်းမောင်က ပြောပါတယ်။
ယာဉ်လိုင်း အများစု ရပ်နားထားတဲ့ ကာလမှာ ခရီးသွားတွေ အခက်အခဲရှိရင် ကူညီပေးဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့ကလည်း ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီကို ရန်ပုံငွေ ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့လည်း မွန်ပြည်နယ် စိုက်ပျိုး၊မွေးမြူရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။
ဒါအပြင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်ကာလမှာ ယာဉ်လိုင်းတွေအနေနဲ့ တခေါက် ပြေးဆွဲပြီးတိုင်း ပိုးသတ်ဆေးဖျန်းဖို့နဲ့ ခရီးသည်တွေကို နှာခေါင်းစည်း Mask တွေ ဖြန့်ဝေ ပေးဖို့ အပါအဝင် ခရီးသည်တွေကို နေရာချဲ့ပြီး လက်မှတ် ရောင်းချပေးဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။
သတင်း- ဇော်လွင်ထွဋ်