DVB Logo
Home
မြန်မာသတင်း
ချဲထီလောင်းကစားမှုကို အရေးပေါ်စီမံချက်ချပြီး အရေးယူတော့မည်
DVB
·
April 4, 2013
Donate to DVB

ရန်ကုန်တိုင်းအတွင်း တရားမ၀င် ချဲထီလောင်းကစား လုပ်နေတာတွေကို အရေးပေါ်စီမံချက်ချပြီး အရေးယူဆောင်ရွက်တော့မယ်လို့ သိရှိရပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ရန်ကုန်တိုင်းလွှတ်တော်ထဲမှာ သင်္ကန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်က ချဲထီလောင်းကစားပပျောက်ရေးနဲ့ ပတ်သက်ပြီး အဆိုတင်သွင်းခဲ့တာပါ။

ဦးကျော်က “ရန်ကုန်ဆင်ခြေဖုံး ဒေသတွေမှာ ချဲထီးလောင်းကစားမှုကြောင့် လူထု ဒုက္ခနဲ့ ရင်ဆိုင်နေရာတာကို မရှိသင့်တောဘူး၊ ဒါကြောင့် ဒီချဲထီးလောင်းကစားမှုကို အထူးစီမံချက်တရပ်အနေနဲ့ ဆောင်ရွက်ပြီးတော့ အရေးယူပေးဖို့ အရေးယူချင်တယ်ဆိုတဲ့ အဆိုကို တိုက်တွန်းခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒီအဆိုကို ရန်ကုန်တိုင်း လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနဲ့ ၀န်ကြီးချုပ်ကလည်း အထူးစီမံချက်နဲ့ ဆောင်ရွက်ပါမယ်ဆိုပြီး သဘောထားပေးတယ်လို့ ဦးကျော်က ပြောပါတယ်။

ချဲထီလောင်းကစားလုပ်တာကို အရေးပေါ်စီမံချက်ချပြီး အရေးယူဆောင်ရွက်သွားမယ်လို့ သက်ဆိုင်ရာမှ ကတိပြု ပြောကြားတဲ့အတွက် အဆိုကို မှတ်တမ်းတင်လိုက်တယ်လို့လည်း ပြောပါတယ်။

တိုင်းဒေသကြီး လွှတ်တော်အမတ် ၂ ဦးက ချဲထီလောင်းကစားလုပ်နေတာတွေကို အခွန်ကောက်ပြီး တရားဝင် လုပ်ဆောင်ခွင့်ပြုဖို့ ဆွေးနွေးကြရာမှာလည်း လတ်တလော တည်ဆဲ ဥပဒေတွေအရ အဲဒီလို ခွင့်ပြုဖို့ မဖြစ်နိုင်သေးကြောင်း ဆိုင်ရာက ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ရန်ကုန်မှာ ချဲထီလောင်းကစား လုပ်နေသူတွေဟာ လမ်းဆုံလမ်းခွတွေမှာကို ဗြောင်လုပ်နေကြတာလို့ ဦးကျော်က ပြောပါတယ်။

“လက်ဖက်ရည်ဆိုင်တင်မဟုတ်ဘူး၊ လမ်းဆုံလမ်းခွမှာ စားပွဲချပြီး ရေးနေတာ။ ကျနော် အဲဒါလည်း ပြောခဲ့တယ်။ အုပ်ချုပ်ရေးမှူးရုံးမှာထားတဲ့ ရဲကင်းတွေနဲ့လည်း ဘယ်လောက်မှ မဝေးဘူး။  သူတို့လည်း မြင်နေတာပဲ ဒီဟာတွေကို။ ဘာလို့ အရေးမယူလဲဆိုတာ။ ရပ်ကွက်ထဲ ဆိုက်ကားဂိတ်တွေမှာ ပေါ်တင်ပဲ ဘောင်ချာတွေ ဖြတ်နေတာ။”
ရန်ကုန်မြို့မှာ ထိုင်းနိုင်ငံ တရားဝင်ထီဆုကြီးရဲ့နောက်ဆုံးဂဏန်း ၃ လုံးကို လောင်းကစားတဲ့ ၁ လ ၂ ကြိမ်ထိုး ၃လုံးထီ၊ ထိုင်းစတော့အိပ်ခ်ျချိန်း ဂဏန်း နောက်က ၂ လုံးကို လောင်းကစားတဲ့ တနေ့ ၂ ကြိမ်ထိုး ၂ လုံးထီနဲ့ ဘောလုံးပွဲလောင်းတဲ့ လောင်းကစားနည်းတွေကို တရားမ၀င် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013