Home
မြန်မာသတင်း
VOM အယ်ဒီတာချုပ် ဦးနေမျိုးလင်း ပြန်လည်လွတ်မြောက်
DVB
·
April 10, 2020
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီး အမှုဖွင့်ခံထားရတဲ့ VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေလင်း (ခ) ဦးနေမျိုးလင်း  ဧပြီ ၉  ရက် ည ၁၀ နာရီ အချိန်ခန့်က ပြန်လည်လွတ်မြောက် လာပါတယ်။  VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် တရားရုံးမှာ မနေ့မနက်က  ဒုတိယအကြိမ် ရမန်ယူခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းခြင်းမရှိဘူးဆိုပြီး အမှုမမြောက်လို့ ပြန်လည်လွတ်မြောက်လာတာလို့ ဦးနေမျိုးလင်းက ပြောပါတယ်။  “ကျနော့်ကို ည ၇ နာရီ ၈ နာရီမတ်တင်းလောက်မှာ ထောင်ကနေပြီး အထုပ်တွေသိမ်းဖို့ အိပ်ရာသိမ်းဖို့ လာပြောတယ်၊ ပြောတဲ့အခါကျတော့ ကျနော်က နေ့ခင်းက တောင်းဆိုထားတာ ကျနော့်ကို တိုက်ပိတ် ထားတဲ့ကိစ္စ တောင်းဆိုထားတာရှိတာကိုး တခြားတိုက်ကို ပြောင်းပေးဖို့ အချုပ်သားအခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုပြီး ဒီဟာကို လိုက်လျောပေးတယ်ထင်တာပေါ့။ ဒါပေမယ့် မဟုတ်ဘူးတဲ့ မင်္ဂလာသတင်းဖြစ်ဖို့များတယ်တဲ့ စီအိုင်ဒီက တယောက်လာခေါ်တယ်။ အိပ်တွေ ထုတ်ပြီးတော့သွားတယ် ထောင်ဘူးဝ ရောက်တော့ စီအိုင်ဒီနဲ့ ထည့်ပေးလိုက်တာပေါ့၊ စီအိုင်ဒီရုံး ရောက်တော့ သူတို့စွဲတင်ထားတဲ့ ပုဒ်မ ၅၀(က)၊၅၂(က) နဲ့ ငြိစွန်းမှုမရှိဘူးလို့ အကြောင်းပြန်တယ်တဲ့ ဒါကြောင့်မလို့ မနစ်နာအောင် ညတွင်းချင်းလာခေါ်တာလို့ ပြောတယ် ဒါပေမယ့် တခြားပုဒ်မ တခုခု ထပ်ပြောင်းလို့ စွဲခဲ့သည်ရှိသော် ခင်များအနေနဲ့ အချိန်မရွေးလာနိုင်ပါတယ်လို့ လက်မှတ်ထားပေးပါဆိုလို့ ရပါတယ် ဘယ်တုန်းကမှလည်း ကျနော် ထွက်လည်းမပြေးပါဘူး၊ တုန်လည်း မတုန်လှုပ်ပါဘူး လာပါ့မယ်ဆိုပြီး လက်မှတ်ထိုးခဲ့တယ်။ သူတို့ကိုယ်တိုင် အိမ်ကို ၁၀ နာရီမတ်တင်းလောက် အရောက်ပို့ပေးခဲ့တယ်။” မန္တလေးအခြေစိုက် VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို မတ်လ ၃၀ ရက်က ဖမ်းဆီးသွားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၀(က)၊၅၂(က)တို့နဲ့ မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့ ဒုရဲမှူး ခင်မောင်းဝင်းက တရားလိုပြုလုပ်  တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၂၇ နေ့က VOM သတင်းဌာနရဲ့ ထုတ်လွှင့်ချက်ပါ  အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ VOM ဆက်သွယ်မေးမြန်းတွေဟာ  အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းတယ်ဖို့ပြီး တရားစွဲဆိုခဲ့တာပါ။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀(က)ဟာ အနည်းဆုံးထောင်ဒဏ် (၁၀)နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တကျွန်းကျစေနိုင်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၂(က)ကတော့ အနည်းဆုံးထောင်ဒဏ်(၃)နှစ် မှ အများဆုံး ထောင်ဒဏ်(၇)နှစ်ထိ ကျခံရနိုင်တာဖြစ်ပါတယ်။ သတင်း- နိုင်လင်းဦး  Photo-Kaung Zaw Hein/MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024