တီးတိန်မြို့နယ်က COVID-19 လူနာအမှတ် ၁ ၏ မိခင် ရောဂါကူးစက်ခံရ
DVB
·
April 9, 2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၈ နှစ်အရွယ် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အမျိုးသမီး တဦးမှာ COVID-19 ရောဂါ စစ်ဆေးအတည်ပြုတွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၉ ရက် ည၈ နာရီမှာ ထုတ်ပြန်ပါတယ်။
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၂၃ ဖြစ်တဲ့ အဆိုပါ အမျိုးသမီးဟာ ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၁ ရဲ့ မိခင်ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှ မတ်လ ၁၃ ရက်မှာ ထွက်ခွာလာခဲ့ပြီး ကာတာနိုင်ငံ၊ ဒိုဟာမြို့မှတစ်ဆင့် မတ်လ ၁၅ ရက်မှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိခဲ့တာပါ။
ဒီနောက်ကလေးမြို့သို့ဆက်လက်ထွက်ခွာရောက်ရှိခဲ့ပြီး မတ်လ ၁၈ ရက်မှာ တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာသို့ရောက်ရှိခဲ့တာပါ။
သားဖြစ်သူမှာ COVID-19 ရောဂါတွေ့ရှိကြောင်း အတည်ပြုချက်ရပြီးနောက် အဆိုပါ အမျိုးသမီးကို ရွာမှာရှိတဲ့ သီးသန့်အိမ်တစ်လုံးမှာ သီးခြားခွဲခြား စောင့်ကြပ်ကြည့်ရှု ထားရာမှာ quarantine ပြီးမြောက်ခါနီးဖြစ်လို့ ဧပြီလ ၇ ရက်က ဓာတ်ခွဲ နမူနာရယူ၍ စစ်ဆေးခဲ့ရာမှာ ရောဂါ တွေ့ရှိတာပါ။
အဆိုပါ အမျိုးသမီးမှာ သံသယ ရောဂါလက္ခဏာ တစ်စုံတစ်ရာ တွေ့ရှိရခြင်းမရှိပေမယ့် လူနာကို တီးတိန်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ဧပြီ ၉ ရက်အထိ COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးသူ စုစုပေါင်း ၁၅၀၀ လောက်ကို စစ်ဆေးခဲ့ရာမှာ အတည်ပြုလူနာ ၂၃ ဦးတွေ့ရှိရပြီး သေဆုံးသူ ၃ ဦးနဲ့ ပြန်ကောင်းလာသူ ၂ ဦးရှိသွားပြီ ဖြစ်ပါတယ်။