COVID-19 ကပ်ရောဂါဘေးကာလ မြန်မာပြည်သူများ၏ သွားလာမှု အခြေအနေ ဂူဂဲလ်ထုတ်ပြန်
DVB
·
April 9, 2020
COVID-19 ကပ်ရောဂါဘေးနဲ့ကြုံတွေ့ရင်ဆိုင်နေရတဲ့ကာလမှာ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြည်သူလူထုတွေရဲ့သွားလာမှု အခြေအနေတွေကို ဂူဂဲလ်ကနေ ထောက်လှမ်းပြီး အစီရင်ခံ ထုတ်ပြန်ပေးနေ ပါတယ်။
ဒီအထဲမှာ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ သွားလာမှုတွေကို ဖေဖော်ဝါရီလလယ်ပိုင်းကနေ မတ်လကုန်ပိုင်းအထိကို မှတ်တမ်းလုပ်ပြီး ထုတ်ပြန်ထားရာမှာ ကပ်ရောဂါဖြစ်နေတဲ့ကာလအတွင်း မြန်မာပြည်သူလူထုတွေဟာ လက်လီအရောင်းဆိုင်တွေနဲ့ အပန်းဖြေရာနေရာတွေကိုသွားတာ၊ ဘူတာနဲ့ ကားဂိတ်လို နေရာတွေမှာ အသွားအလာ ကျဆင်းသွားတယ်လို့ဆိုပါတယ်။
ကုန်စုံဆိုင်နဲ့ ဆေးဆိုင်တွေကို သွားတာကတော့ မတ်လအစပိုင်းကနေ လကုန်ပိုင်းအထိ ပုံမြင့်တက်ခဲ့ပြီး လကုန်ခါနီးမှာ ထိုးတက်သွားကာ မကြာမီ ပြန်ကျသွားတာ တွေ့ရပါတယ်။
ပုံမှန်အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ လက်လီအရောင်းဆိုင်တွေနဲ့ အပန်းဖြေနေရာတွေကို သွားလာမှု ၄၁ ရာခိုင်နှုန်း၊ ကုန်စုံဆိုင်တွေနဲ့ ဆေးဆိုင်တွေကို သွားလာမှု ၂၉ ရာခိုင်နှုန်း၊ ပန်းခြံတွေကို သွားလာမှု ၁၉ ရာခိုင်နှုန်း၊ ဘတ်စ်ကားဂိတ်နဲ့ ဘူတာရုံတွေကို သွားလာမှု ၃၉ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်လုပ်ကိုင်ရာနေရာတွေကို သွားလာမှုကတော့ ၁၀ ရာခိုင်နှုန်းသာ လျော့နည်းသွားပြီး နေအိမ်တွေမှာ နေထိုင်မှုကတော့ ၁၂ ရာခိုင်နှုန်းတိုးလာတယ်လို့ ဂူဂဲလ် အစီရင်ခံစာအရ သိရပါတယ်။
COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အခြေအနေကို ကမ္ဘာ့ကပ်ရောဂါအဖြစ် မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကြေညာလိုက်ပြီးနောက် မြန်မာနိုင်ငံတဝန်း လူစုလူဝေးနေရာတွေကို သွားလာခြင်းမပြုကြဖို့နဲ့ တတ်နိုင်သလောက် နေအိမ်တွေမှာ နေကြဖို့ အစိုးရက ညွှန်ကြားထားတာ ဖြစ်ပါတယ်။