Home
မြန်မာသတင်း
ကျောက်ဖြူမြို့နယ်၌ ဈေးဝယ်ပြီးပြန်လာသည့် တပ်မတော်သားအချို့ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
April 9, 2020
93186017_1560485134099068_1442133817656606720_n
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာအနီးရှိ ကျောက်ဖြူ-ရန်ကုန် ကား လမ်းမပေါ်မှာ  ဧပြီ ၈ ရက် ညနေက ဈေးဝယ်ပြီးပြန်လာတဲ့ တပ်မတော်သားတွေ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံ ရဲစခန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ဇင်ချောင်းစျေးမှာ စျေးဝယ်ပြီးပြန်လာတဲ့ တပ်မတော်သားတချို့ တိုက်ခိုက်ခံရတာဖြစ်ပြီး ပြန်လည်ပစ်ခတ်မှုတွေလည်းရှိခဲ့ကာ အနီးအနားရှိ ခရီးသွား တချို့ကို  ခေါ်ယူစစ်ဆေး ပြန်လွှတ်ပေးခဲ့တယ်လို့ ဇင်ချောင်းရဲစခန်း တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ “စျေးလာဝယ်တဲ့ အရပ်ဝတ်နဲ့ တပ်မတော်သားတွေ စျေးလာဝယ်ရင်းနဲ့အပြန်မှာ မိုင်းကွဲလို့ သူတို့နည်းနည်းပါးပါး ဒဏ်ရာလေးရသွားကြတယ်။ ပစ်ခတ်မှုနည်းနည်းပါးပါးတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှတော့ထိခိုက်မှုတွေတော့မရှိပါဘူး။ အနီးနာက လူတွေကို ဖမ်းတာတော့မဖမ်းပါဘူး။ ဒီမှာခဏခေါ်မေး ပြီးတော့ ပြန်လွှတ်ပေးလိုက်ပါပြီ” ပစ်ခတ်မှုတွေအပြီးမှာ လမ်းပေါ်မှာသွားလာနေတဲ့ ခရီးသွား တချို့ကို ခေါ်ယူစစ်ဆေးတာ ရှိခဲ့တယ်လို့ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကလည်း  ပြောပါတယ်။ “ပေါက်တာကတော့ ဆီဆိုင်အနားက တံတားနားမှာပေါ့ အဲဒီလိုကြားလိုက်ရတယ်ပေါ့။ ပြီးရင်အဲဒီနားမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ အဲဒီအနားမှာနေတဲ့သူတွေက ပြောတယ်။ အဲဒီဖြစ်တဲ့နေရာကတော့ ရွာအဝင်နားကတောင်ပေါ်မှာ ဘုရားတစ်ဆူရှိတယ်၊ အဲဒီဘုရားပေါ်မှာ တပ်ကစခန်းချထားတယ်လို့ ထင်တယ်၊ စခန်းချထားတဲ့အဲဒီအနီးအနား ရွာကိုအဝင် တံတား နားမှာပေါက်တာပါ။ အဲဒီဖြစ်တဲ့အချိန်မှာ သွားလာနေတဲ့သူတွေကို ခေါ်ယူစစ်ဆေးတယ်၊ ထိုင်းခိုင်းတာတွေ လုပ်တယ်ဆိုပြီးတော့ ပြောကြတယ်။ အခုတော့ အဲဒီသူတွေက ပြန်ရောက်နေကြပါပြီ” အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ အစည်းအဝေးတွေရှိနေတာကြောင့် ညနေမှ ပြန်လည်ဆက်သွယ်ဖို့ ဖုန်းကိုင် ဖြေဆိုသူတစ်ဦးက ပြောပါတယ်။ သတင်း- နောင်နောင် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024