Home
မြန်မာသတင်း
နေပြည်တော်ဆေးရုံ တက်နေသည့် ပညာရေးဌာန ဝန်ထမ်းတွင် COVID-19 ရောဂါ မတွေ့ 
DVB
·
April 9, 2020
နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေတဲ့ ပညာရေးဌာနက  နေ့စားဝန်ထမ်းတဦးမှာ ဆေးစစ်ချက်အဖြေအရ COVID-19 ရောဂါမတွေ့ရဘူးလို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။  ပညာရေးဝန်ကြီးဌာနက အသက် ၆၅ နှစ်ရှိ နေ့စားဝန်ထမ်း အမျိုးသားတဦးဟာ ဇမ္ဗူသီရိမြို့နယ်ရှိ နေအိမ်မှာ နေထိုင်စဉ်အတွင်း ဧပြီ ၇ ရက် ည ၁၀ နာရီ ၅ မိနစ်အချိန်က ဖျားနာ ချောင်းဆိုးလာတဲ့အတွက် နေပြည်တော်၊ ခုတင် ၁၀၀၀ ဆေးရုံကြီး၊ အရေးပေါ်ဌာနကို ပို့ဆောင်ခဲ့ရတာပါ။ သူ့ရဲ့သမီး အသက် ၁၉ နှစ်ရှိသူဟာ ဧပြီလ ၄ ရက်ညနေက ရန်ကုန်မြို့မှ နေပြည်တော်သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ လူနာဖြစ်သူဟာ မူလကတည်းက အဆုတ်ရောင်ရောဂါရှိသူ ဖြစ်ပြီး  နေပြည်တော်ဆေးရုံရှိ အထူးကူးစက်ရောဂါကုသဆောင်မှာ ထားရှိ ကုသပေးနေတာ ဖြစ်ပါတယ်။ အဆိုပါလူနာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊ မရှိ အတိအကျ သိရှိရဖို့ အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာန ရန်ကုန်ကို ဓာတ်ခွဲနမူနာ Swab Test ကို ပေးပို့ထားရာမှာ  ဒီကနေ့ ညပိုင်းလောက်တော့ ဓာတ်ခွဲအဖြေအရ ရောဂါပိုးမရှိကြောင်း Negative အဖြေသိခဲ့ရတာပါ။ လက်ရှိကာလမှာတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ရုံးလုပ်ငန်းတွေကို ဝန်ထမ်းအင်အား အနည်းဆုံး၊ Video Conferencing  နဲ့ အွန်လိုင်းတို့ကနေ အလုပ်မပျက် ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာနက နိုင်ငံတော်သမ္မတရုံးကို တင်ပြထားပါတယ်။ ဒါပေမဲ့ စိတ်ချရအောင် ပညာရေးဌာနက မရှိမဖြစ် ဝန်ထမ်းကလွဲလို့ ကျန်တဲ့ ဝန်ထမ်းတွေကို Home Stay နေခိုင်းထားတယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024