Home
COVID19
ယနေ့ ကိုဗစ်နိုင်တင်း (Covid 19) လူနာ ၂ ဦးသေဆုံး
DVB
·
April 8, 2020
ဧပြီလ ၈ရက်နေ့ နံနက်ပိုင်းတွင် ကိုဗစ်နိုင်တင်း (Covid 19) ကူးစက်လူနာ ၂ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ မတ်လ ၃၁ ရက်နေ့တွင် ကိုဗစ်နိုင်တင်း (Covid 19)ကြောင့် ပထမဆုံး သေဆုံးမှုအပြီး ၈ ရက်အကြာတွင် နောက်ထပ် ၂ ဦး တစ်ရက်တည်း သေဆုံးခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီးမှ လူနာအမှတ် (၁၆)နှင့် ပဲခူးတိုင်းဒေသကြီးမှ လူနာအမှတ် (၁၇) တို့ဖြစ်ကြပြီး ၄င်းတို့နှစ်ဦးစလုံးမှာ မြန်မာနိုင်ငံသားများဖြစ်ကာ ပြည်တွင်းကူးစက်ခံရသူများလည်း ဖြစ်ကြသည်။ case 016 လူနာအမှတ် ၁၆ လူနာအမှတ် (၁၆) သည် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ဒူဘိုင်းမှ ပြန်လာသည့် သားဖြစ်သူကို ရန်ကုန်လေဆိပ်တွင် ကြိုခဲ့ဖူးသည်။ နှစ်ပတ်အကြာတွင် ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာပြီး မတ်လ ၃၁ရက်နေ့တွင် မြောက်ဥက္ကလာ ပ သင်ကြားရေးနှင့် အထွေထွေ ရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့သည်။ ထို့နောက်၄င်းကို ဧပြီ ၁ ရက်နေ့တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အမှတ် (၁၆)အဖြစ် သတ်မှတ်ခဲ့ပါသည်။ လူနာသည် ဆီးချို၊ ကျောက်ကပ်နှင့် နှလုံးသွေးကြောကျဥ်းရောဂါ အခံရှိသူဖြစ်ပြီး ဝေဘာဂီဆေးရုံ အထူး ကြပ်မတ်ကုသခန်းတွင် ဆေးကုသမှုခံယူနေစဥ် ၇ ရက် အကြာတွင် သေဆုံးခြင်းဖြစ်သည်။ သေဆုံးရသည့် အကြောင်းမှာ ရုတ်တရက် နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သား ပုပ်သွားခြင်း၊ ပြင်းထန်အဆုတ်ရောင်ရောဂါ အပြင် ဆီးချိုရောဂါ၊ နာတာရှည် ကျောက်ကပ်ရောဂါနှင့် နှလုံး သွေးကြောကျဉ်းရောဂါအခံရှိခြင်းတို့ကြောင့် ဖြစ်သည်။ အဆိုပါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများမှာ ကျန်းမာရေးဝန်ထမ်း (၁၇) ဦးအပါအဝင် စုစုပေါင်း (၆၃) ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ case 017 လူနာအမှတ် ၁၇ လူနာအမှတ် (၁၇)သည် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် နေထိုင်သော အသက် ၄၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ပြည်တွင်းကူးစက်ခံရသူ လူနာအမှတ် (၁၅)၏ ခင်ပွန်းဖြစ်သည်။ မတ်လ ၂၆ရက်နေ့တွင် ရန်ကုန်မြို့နေ ဇနီးဖြစ်သူ၏ နေအိမ်မှ သား၊ သမီးနှင့် တူမဖြစ်သူကို ပေါက်ခေါင်းမြို့၊ ဝန်ထမ်းအိမ်ရာရှိ ၎င်း၏နေအိမ်သို့ ကားဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သည်။ မတ်လ ၃၀ ရက်နေ့မှစတင်၍ ပေါက်ခေါင်းမြို့နေအိမ်တွင် အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုခံခဲ့ရာမှ ဧပြီ ၂ ရက်နေ့ဓာတ်ခွဲအဖြေအရ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အမှတ် (၁၇) အဖြစ် သတ်မှတ်ခဲ့ပါသည်။ လူနာသည် သွေးတိုးရောဂါအခံရှိသူဖြစ်ပြီး ပြည်မြို့၊ ကုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူနေစဥ် ၆ ရက်အကြာတွင် သေသုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးရသည့် အကြောင်းမှာ ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းနှင့် သွေးတိုး ရောဂါအခံတို့ကြောင့် ဖြစ်သည်။ လူနာအမှတ် (၁၇)၊ ပေါက်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူးသည် ထွေအုပ်ဝန်ထမ်းများ၊ လ.ဝ.က ဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် အနီးကပ်ထိတွေ့သူ (၇၁)ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကိုဗစ်နိုင်တင်း ကူးစက်ခံရသူလူနာကို မေလ ၂၃ ရက်နေ့က အတည်ပြုခဲ့ပြီး ယနေ့ (ဧပြီလ ၈ရက်) ထိ ကူးစက်ခံရသူ စုစုပေါင်း ၂၂ ဦးရှိကာ သေဆုံးသူပေါင်း ၃ ဦး ရှိပြီဖြစ်သည်။ By DVB Data Team

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024